နေပြည်တော် ဇူလိုင် ၂၉
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီငါးမျိုးစိတ်စိုက်ထည့်ပွဲကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်၌ ကျင်းပသည်။
ဦးစွာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက မင်္ဂလာကန်အတွင်းသို့ ကြီးထွားနှုန်းမြန်ဆန်သည့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၃၂,၀၀၀) ကျော် စိုက်ထည့်ပေးခဲ့ကြသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်နှင့်ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ်တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတပေါကြွယ်ဝစေရေးတို့အတွက် ယခုကဲ့သို့ ငါးမျိုးစိတ်များ စိုက်ထည့်ပေးခြင်းဖြစ်ပြီး၊ နိုင်ငံတော်၏ ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးကိုလည်း တစ်ဖက်တစ်လမ်းမှပံ့ပိုးပေးရန် ရည်ရွယ်စိုက်ထည့်ပေးခြင်းဖြစ်သည်။ ထို့အပြင် နေပြည်တော်၊ မင်္ဂလာကန်တွင် ကန်၏ရေမြေသဘာဝနှင့် လိုက်လျောညီသော ငါးများရှင်သန်တိုးပွားလာမှုကို မြှင့်တင်ပေးရန်ရည်ရွယ်၍ မင်္ဂလာကန်အတွင်းရှိ ငါးမျိုးစိတ်များ မပြုန်းတီးစေရန်ထိန်းသိမ်းခြင်းနှင့် လိုအပ်နေသောငါးမျိုးစိတ်များ ထပ်မံစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)