မန္တလေး ဇူလှိုင် ၂၈
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်ပနိုင်ငံများသို့ သင်တန်းနှင့် လေ့လာရေး တက်ရောက်ခဲ့သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံး မြို့တော်ခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စည်ပင်သာယာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကောင်းမွန်သော ပြုပြင်မှုဖြင့် စုပေါင်းဆောင်ရွက်ရန် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ စည်ပင်သာယာ ရေးလုပ်ငန်းများကို ပြည်သူများ၏ အခွန်အခများဖြင့် တည်ဆောက်ရေး လုပ်ငန်းများ၊ စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ပြန်လည် ဆောင်ရွက်ရသည့်အတွက် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ရမည် ဖြစ်ကြောင်း၊ ငွေကြေးသုံးစွဲရသည့် ဌာနဖြစ်၍မှန်မှန်ကန်ကန်သုံးစွဲပြီး ခွင့်ပြုငွေအတိုင်း အကျိုးရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိ သူအဆင့်ဆင့်က အောက်ခြေအဆင့်ထိ ကွင်းဆင်းပြီး ဌာနတစ်ခုနှင့်တစ်ခု ပေါင်းစပ်ညှိနှိုင်း၍ ရည်မှန်းချက် (၃)ရပ်ကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိရာထူးအဆင့်အလိုက် လုပ်ငန်းများကို တာဝန်ယူမှု တာဝန်ခံမှုရှိရမည် ဖြစ်ကြောင်း၊ စည်ပင်သာယာရေး ကော်မတီ၏ နည်းဥပဒေများနှင့် လုပ်ငန်းတာဝန်များကို သိရှိကျွမ်းကျင်အောင် လေ့လာရန်လိုအပ်ပြီး မန္တလေးမြို့တော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက် ဆောင်ရွက်မည့် အမြင်ရှိပြီး ကောင်းမွန်သော အကြုံပြုချက်များကို တင်ပြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ငွေကြေးအကုန်အကျခံပြီး ပြည်ပ နိုင်ငံများသို့ သင်တန်းနှင့်လေ့လာရေး စေလွှတ်ပေးခြင်းဖြစ်၍ သင်ကြားလေ့လာခဲ့သော အတွေ့ အကြုံများဖြင့် မြို့ဖွံ့ဖြိုးတိုးတက်အောင် စာတွေ့လက်တွေ့ ပြန်လည်အသုံးချတတ်ရန် လိုကြောင်း၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုလုပ်ငန်းများနှင့် စွမ်းဆောင်နိုင်မှု အပေါ်မူတည်ပြီး လူမှန်နေရာမှန် ထားရှိရန် လိုအပ်ကြောင်းနှင့် ဝန်ထမ်းများ ဖြစ်သည့်အတွက် ပါတီနိုင်ငံရေး ကင်းရှင်းပြီး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ် ကင်းရှင်းပါကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ရည်မှန်း ချက်(၃)ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး မြို့တော်စည်ပင်မှ ပြည်ပနိုင်ငံများသို့ သင်တန်းနှင့် လေ့လာရေး တက်ရောက်ခဲ့ကြသော အရာထမ်း၊ အမှုထမ်းများက တစ်ဦးချင်း မိတ်ဆက်ပြီး မိမိတို့ လေ့လာ သင်ယူခဲ့သော အတွေ့အကြုံများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ ပေါင်းစပ်ဆောင် ရွက်ပေးကြောင်း သတင်းရရှိ သည်။
သတင်းစဉ်