နေပြည်တော် ဇူလိုင် ၂၈
အထည်ချုပ် လုပ်ငန်းတွင် Assessment Center များ တိုးမြှင့်တည်ထောင်ရေး၊ Assessorများ ပိုမိုမွေးထုတ်ပေးရေးနှင့် CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ကြပ်မတ်ဆောင်ရွက်
အစည်းအဝေးတွင် CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က CMP လုပ်ငန်းများသည် အခွန် ကင်းလွတ်ခွင့်ရရှိပြီး လုပ်သား အခြေပြု၊ အလုပ်အကိုင် အခွင့်အလမ်း အများဆုံးဖန်တီးပေးနိုင်သည့် လုပ်ငန်းဖြစ်ကြောင်း၊ CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီများအနေဖြင့် မိမိလုပ်ငန်းတာဝန်အရ စည်းကြပ်ရန် လိုအပ်သည့် CMP လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေး၊ အမှာစာရရှိမှုနှင့်အတူ ကုန်ကြမ်းတင်သွင်းမှု၊ ကုန်ချောပစ္စည်းများ မှန်ကန်စွာ တင်ပို့နိုင်ရေး၊ ထုတ်လုပ်ပြီး ကုန်ပစ္စည်းများReject လျော့နည်းစေရေး၊ စာရင်းဇယားများ စနစ်တကျထားရှိရေး၊ တည်ဆဲဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေး စသည်တို့ကို အလေးထား ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း။
CMP ကုန်ကြမ်းတင်သွင်းရာ တွင် ဖြေလျှော့ပေးမှုများရှိကြောင်း၊ အမျိုးသားအထည်လိပ် မူဝါဒကို သက်ဆိုင်ရာဦးစီးဌာနက ရေးဆွဲအတည်ပြုပြီးဖြစ်၍ မကြာမီ အတည်ပြုထုတ်ပြန်ပြီးပါက CMP စနစ်မှ FOB စနစ်သို့ ကူးပြောင်းနိုင်မည့် အခွင့်အလမ်း အသစ်များ ရရှိနိုင်မည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားနိုင်ရန် လုပ်ခလစာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း One Stop Service Center နှင့် ချိတ်ဆက် ထုတ်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာ တိုးတက်စေရေး သက်ထောက်ကူပြု မော်တော်ယာဉ် (Mobile Team Bus) ဖြင့် စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ် လုပ်မှုမြင့်မားရေး၊ အငြင်းပွားမှု လျော့နည်းစေရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများ အပြန် အလှန် ယုံကြည်လေးစား၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် CMP လုပ်ငန်းများ စစ်ဆေးရေး ဆပ်ကော်မတီ အတွင်းရေးမှူး၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူ များက အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဆွေးနွေး တင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အထည်ချုပ် အလုပ်အကိုင်ကို အဓိက ဦးစားပေးပြီး Assessment Center များ တိုးချဲ့တည်ထောင် ရေး၊ Chief Assessor ၊ Assessor များ Inspector များ ပိုမိုမွေးထုတ် နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ် သမားများအနေဖြင့် အလေးထား ပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း၊ လုပ်သား ၁၀၀၀ နှင့် အထက်ရှိသော အထည်ချုပ် စက်ရုံများမှ Assessment Center တည်ထောင်မှုကို ဦးစားပေး ဆောင်ရွက်ပေးရန်နှင့် စက်ရုံ တစ်ရုံလျှင် Chief Assessor တစ်ဦး နှင့် Assessor ငါးဦး စုစုပေါင်း ခြောက်ဦးနှုန်း မွေးထုတ်ပေးနိုင်ရန် ဩဂုတ် ၁ ရက်တွင် လှိုင်သာယာစက်မှုဇုန်၌ Assessor Methodology Training ကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဩဂုတ် ၈ ရက်တွင် ရွှေလင်ဗန်း စက်မှုဇုန်၌ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းနှင့် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော သင်တန်း သားများ စေလွှတ်ပေးနိုင်ရေး တိုက်တွန်းပါကြောင်း ပြောကြားသည်။
သတင်းစဉ်