နေပြည်တော် ဇူလိုင် ၂၈
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဆေးတက္ကသိုလ်-မန္တလေး၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးကုသမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဆွေးနွေးမှာကြားသည်။
တွေ့ဆုံအားပေး
ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ အိတ်ချ်အိုင်ဗွီရောဂါကုသမှု ပြင်ပလူနာဌာန (Integrated HIV Care Clinic) တွင် လူနာများ ကြည့်ရှုကုသပေးနေသည့် အခြေအနေ၊ ကင်ဆာ ဓာတ်ရောင်ခြည်ဌာန (Radiation Oncology)တွင် တပ်ဆင်ထားရှိသော စက်ပစ္စည်းများ၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုများနှင့် ကင်ဆာဆေးပညာ (medical oncology) ဌာနတွင် ဆေးသွင်းကုသမှု အခြေအနေတို့ကိုကြည့်ရှု၍ လူနာများအချိန်နှင့် တစ်ပြေးညီ ကုသမှုခံယူနိုင်ရေး၊ စိတ်ချမ်းမြေ့စွာ ကုသနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် မှာကြားကာ ဓာတ်ရောင်ခြည် ကုသမှုခံယူနေသည့် လူနာများနှင့် ဆေးသွင်းကုသမှုခံယူနေသည့် လူနာများကို တွေ့ဆုံအားပေးစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရောဂါရှာဖွေရေး ဓာတ်ခွဲဌာနသို့သွားရောက်၍ ဓာတ်ခွဲစစ်ဆေးမှု ဆောင်ရွက်နေသည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စွမ်းအားပြည့် ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နှလုံးရောဂါ ဆေးကုသမှုဌာနရှိ နှလုံးရောဂါလူနာများ ပြန်လည်သန်စွမ်းရေးဌာနတွင် စက်ပစ္စည်းများ တပ်ဆင်ထားရှိမှု၊ နှလုံးနှင့်သွေး ကြောကုသမှုအခန်း (Cardiac cath lab) နှင့် နှလုံးအထူးကြပ်မတ်ကုသဌာန (CCU)တွင်လူနာများ တက်ရောက်ကုသနေမှု၊ နှလုံးအထူးကြပ်မတ် ကုသ ဌာနအဆောင်သစ်ပြင်ဆင်ထားရှိမှု၊ ရောဂါရှာဖွေရေး ဓာတ်မှန်ဌာနရှိ CT နှင့် MRI စက်များ တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကာ လူနာများသက်သောင့် သက်သာရှိစွာဖြင့် ဆေးကုသမှုခံယူနိုင်ရေး စီစဉ် ဆောင်ရွက်သွားရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေး ဌာနသို့သွားရောက်ကာ အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေရေးဆိုင်ရာ စက်ပစ္စည်းများနှင့် လုပ်ငန်းများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆေးကုသရေးလုပ်ငန်းများ ပိုမိုတိုးတက်ရေး ဆောင်ရွက်ကြရန်၊ လူနာများ အားကိုးအားထားရသည့် ပြည်သူ့ဆေးရုံကြီးအဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်