နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
စတုတ္ထအချက်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား လိုကြောင်း၊ ယင်းနေရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေးကို ရအောင်ဆောင်ရွက် သွားမည်ဟု ပြောကြားချက်၊ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိဆိုသကဲ့သို့ ဝန်ကြီးချုပ်ကိုယ်တိုင် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ် ကမ်းလှမ်း ခဲ့သည်ကို သတိပြုမိစေလိုကြောင်း၊ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းချက်၏ ရလဒ်အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့၊ NCA လက်မှတ်ရေးထိုးထား ခြင်းမရှိသည့် လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့၊ စုစုပေါင်းကိုးဖွဲ့က နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ယခင်တွေ့ဆုံပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းကိုလည်း အသိပေးလို ကြောင်း၊ ဤနေရာတွင် ယခင်သတင်းစာရှင်းလင်းပွဲတွင် မိမိပြောခဲ့ သည့် အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် လာရောက်ဆွေးနွေးရန် ပြင်ဆင်နေမှုများရှိကြောင်း၊ ၎င်းတို့၏ အဖွဲ့ များထဲတွင် အစည်းအဝေးလုပ်ခြင်း၊ ကိုယ်စားလှယ်ရွေးချယ်ခြင်း၊ ဆွေးနွေးမည့် အကြောင်းအရာ ပြုစုခြင်းများ လုပ်နေကြသည့်အတွက် နှောင့်နှေးမှုတချို့ရှိနေခြင်းဖြစ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားလိုကြောင်း။
မီဒီယာများအပါအဝင် ကြည့်ရှုနေသည့် ပြည်သူများရော တိုင်းရင်းသား လက်နက်ကိုင်များကိုပါ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားကြောင်း၊ ငြိမ်းချမ်းရေးရအောင် လုပ်မည်ဆို သည်ကို သတိပြုမိအောင် ထပ်ပြောလိုကြောင်း၊ ကျန်ရှိနေသည့် လက်နက်ကိုင်အဖွဲ့များထဲမှ အနီးဆုံးတိုက်ပွဲဖော်ဆောင်ခဲ့သည့် AA အဖွဲ့အကြောင်း ပြောလိုကြောင်း၊ AA အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်ကစပြီး တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်မှု လုံးဝနီးပါးမရှိခဲ့သည့် အဖွဲ့ဖြစ် ကြောင်း၊ Gentlemen’s Agreement နှင့် ငြိမ်းချမ်းရေးကို တစ်စိတ်တစ်ပိုင်း တည်ဆောက်နိုင်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများ မရှိခဲ့သည့်အတွက် ၂၀၂၀ မတိုင်ခင် နှစ်တချို့တွင် ဒုက္ခရောက်ခဲ့သည့်ပြည်သူများ၊ ငိုကြွေးခဲ့ရသည့် ပြည်သူများသည် အေးချမ်းမှု၏အရသာကို ပြန်လည်ခံစားခွင့်ရခဲ့ကြကြောင်း၊ ပြည်သူလုထုများ ပြုံးပြုံးရွှင်ရွှင်နှင့် ကိုယ့်မြို့ကိုယ့်ရွာကို ပြန်အခြေချကြ၊ ကိုယ့်အလုပ်ကိုလုပ်ကြနှင့် အေးချမ်းရမည့်အနေအထားထိ ရောက်ခဲ့ကြောင်း၊ ထိုသို့ တည်ငြိမ်စပြုလာချိန်တွင် AA အဖွဲ့သည် လွန်ခဲ့သည့် လအချို့ကစတင်ပြီး အပြစ်မဲ့ပြည်သူတချို့ကို ဖမ်းဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို ဖမ်းဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခြင်းများ စ၍လုပ်လာကြောင်း၊ ထိုအချိန်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုကို မလိုလားသည့် ပြည်ဖျက်ဒလက်အချို့ကလည်း သတင်းတု သတင်းမှားများ၊ တစ်ဖက်နှင့်တစ်ဖက် အထင်အမြင် လွဲမှားအောင် သံသယစိတ်နှင့် စစ်မီးမတောက် တောက်အောင် တွန်းပို့ခဲ့ကြကြောင်း၊ AA ဘက်က ခေါင်းဆောင်အဆင့် ရှိသူများကလည်း တပ်မတော်ကို ထိကပါးရိကပါးနှင့် ရန်စစော်ကားမှုများစွာ လုပ်ခဲ့သည်ကိုလည်း သတိပြုမိမည်ထင်ကြောင်း။
ယင်းသို့ တင်းမာလာသည့် အခြေအနေမျိုးတွင် ရခိုင်တိုင်းရင်းသား ပါတီတစ်ခု၏ အကြီးအကဲ ဖြစ်သူက ရခိုင်ပြည်နယ်၌ စစ်မီးမတောက် လောင်လာစေရန်၊ ပြည်သူလူထုကိုညှာတာရန်၊ တစ်ဖက်နှင့်တစ်ဖက် ရန်လိုသည့်အပြုအမူများ မလုပ်ရန်လိုသည်ဟု မီဒီယာများမှတစ်ဆင့် တိုက်တွန်းခဲ့ကြောင်း၊ ထို့ပြင် ရခိုင်လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင် တစ်ဦးကလည်း အလားတူ ပြောကြားချက်အပြင် တွေ့ဆုံဆွေးနွေးခြင်းကသာ ကောင်းမွန်သည့်ရလဒ်ကို ရနိုင်ကြောင်း ပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ဒေသခံရခိုင်ပြည်သူလူထု အကျိုးကိုရှေးရှုပြီး စိတ်ရှည်သည်းခံခဲ့ကြောင်း၊ သို့သော် AA အဖွဲ့အနေဖြင့် မလုပ်သင့် မလုပ်ထိုက်သည့် ရန်စမှုကို ဇူလိုင် ၁၈ ရက် မောင်တော မြို့နယ်အတွင်း နေရာနှစ်ခု၌ လုပ်ဆောင်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကျဆုံးပြီး အချို့ဖမ်းဆီးခံခဲ့ရကြောင်း၊ ထိုသို့ လုပ်ဆောင်ရခြင်းအတွက် အကြောင်းပြချက်ကို KNLA တပ်မဟာ(၅) နယ်မြေအတွင်းရှိ ၎င်းတို့တပ်စခန်းကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်သဖြင့် လုပ်ခြင်းဖြစ်သည်ဟု အကြောင်းပြကြောင်း၊ AA ၏ မူလအစသည် KIA နယ်မြေဖြစ်ပြီး လက်ရှိရခိုင်ပြည်နယ် ဒေသအချို့၌ ဝင်ရောက်လှုပ်ရှားနေသည်ဟု သိထားကြောင်း၊ ၎င်းတို့ ခေါင်းဆောင်အဆင့် ရှိသူများ၏ ထုတ်ဖော်ပြောကြားချက်များထဲတွင်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ရခိုင်ဒေသအတွင်း ၎င်းတို့တပ်များရှိသည်ဟုသာ ဆိုထားကြောင်း၊ ကရင်ပြည်နယ်ထဲ၌ ရှိသည်ဟူ၍ မည်သူ့ကိုမှ မပြော ထားကြောင်း။
ထို့ပြင် တပ်မတော်အနေဖြင့် လိုအပ်သည့် စစ်ဆင်ရေးလုပ်ရာတွင် လည်းကောင်း၊ ပစ်ခတ် တိုက်ခိုက်မှုလုပ်ရာတွင် လည်းကောင်း မည်သည့် တိုင်းရင်းသား၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့် တပ်ကို စစ်ဆင်ရေးလုပ်မည်ဟု သတ်မှတ်ထားခြင်းမရှိဘဲ အကြမ်းဖက်အဖွဲ့ များကို တိုက်ခိုက်ရန် အတွက်သာ စစ်ဆင်ရေးလုပ်ခြင်းဖြစ်ကြောင်း၊ ယခု AA အဖွဲ့က ပြောကြားသည့် KNLA တပ်မဟာ (၅) ဆိုသည်ထက် လုံခြုံရေးအရ လိုအပ်သည့်နေရာကိုသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်သေဆုံးမှု ဖြစ်လာသည့်အချိန်ကျမှ AA တပ်ဖွဲ့ဝင်များပါ၊ စက်ချုပ်နေသည့်သူများပါဆိုသည့် အဖြေများသည် ရိုးသားမှု ရှိ မရှိ ပြန်လည်ဆန်းစစ်စေလိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ AA အဖွဲ့၊ ကချင်နှင့်ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ AA အဖွဲ့များအတွက် ကရင် ပြည်နယ်ထဲ၌ စက်ချုပ်နေသည် ဆိုသည်မှာ ယုတ္တိရှိပါသလား၊ စေ့စေ့တွေးစရာမလိုဘဲနှင့်ကို အဖြေထွက်ကြောင်း၊ ရိုးသားမှု ရှိခြင်းသည် ဒေသခံပြည်သူလူထုအတွက် ရလဒ်ကောင်းထွက်နိုင်သည်ဟု အကြံပေးစကား ပြောကြား လိုကြောင်း။
ဆက်လက်ပြီး KNU အဖွဲ့အကြောင်း ပြောကြားလိုကြောင်း၊ KNU ၏ အောက်တွင် KNLA နှင့် KNDO ဆိုသည့် တပ်အမျိုးအစား နှစ်ခုနှင့် ဖွဲ့စည်းထားပြီး နှစ်ခုလုံးကို ဗဟိုစစ်ဦးစီးဌာနချုပ်ဆိုသည့်အဖွဲ့က တိုက်ရိုက်ကိုင်တွယ်ထားကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တွင် တောခိုလူငယ်အချို့ နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်သွားရာ အများစုသည် ကရင်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင် ခဲ့ကြောင်း၊ PDF အမည်ခံပြီး KNLA နှင့် KNDO တပ်အချို့ဆီကို ဝင်ရောက်သွားခဲ့ သည့်အတွက် KNLA နှင့် KNDO တပ်အချို့မှ အင်အားစုတချို့ကို စုဆောင်းနိုင်ခဲ့ပြီး လှုပ်ရှားသည့်နယ်မြေအလိုက် တိုက်ကွက်ဖော် သွေးတိုးစမ်းမှုအချို့ကို စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ထိုအချိန်တွင် လက်ရှိရရှိပြီးဖြစ်သည့် NCA လမ်းကြောင်းမှ ငြိမ်းချမ်းရေးကို လိုလား သည့်အဖွဲ့၊ NCA ကို ပျက်ပြယ်စေလိုသည့်အဖွဲ့နှင့် အခြေအနေကို စောင့်ကြည့်ပြီး အလေးသာသည့်ဘက်ကို ယိမ်းမည့်အဖွဲ့စသည်ဖြင့် အဖွဲ့တွင်း ကွဲလွဲမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းအကျိုးဆက်မှာ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းလိုသည့် အဖွဲ့များရှိသည့်နယ်မြေ၌ အေးချမ်းပြီး NCA ကို ပျက်ပြယ်စေလိုသော အဖွဲ့လှုပ်ရှားသည့်နယ်မြေ၌ တိုက်ပွဲသံများ ပြန်လည်ပေါ်ထွက်လာသည်သာ ဖြစ်ကြောင်း၊ အောက်ခြေအဆင့် တပ်မှူးငယ်များမှ အထက်အဆင့် အကြီးအကဲ အဆင့်ထိ မိမိရှိနေသည့် နယ်မြေအလိုက် ပြည်သူလူထုကို အလေးထားမှု ကွဲပြားသွားခြင်းဖြစ်သည်ဟု ပြောလိုကြောင်း။
မိမိပြောခဲ့သည့်အထဲတွင် KNDO အဖွဲ့ဆို၍ ပါကြောင်း၊ ယင်း KNDO အဖွဲ့၏ ယခင်စစ်ဦးစီးချုပ်သည် KNU ခေါင်းဆောင်ဟောင်း စောဘိုမြ၏ သားအကြီး နယ်ဒါးမြဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဇွန် ၁၃ ရက် တွင် ဝေါလေ-ကနဲလေး လမ်းဖောက်လုပ်ရေးလုပ်ကိုင်နေသည့် အရပ် သား ၂၅ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့်အတွက် KNLA က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် တာဝန်မှ ရပ်စဲခြင်းခံခဲ့ရကြောင်း၊ စစ်ရာဇဝတ်မှုကြီးဖြစ်ကြောင်း၊ ၎င်း၏ KNDO စစ်ဦးစီးချုပ်ဆိုသည့် နေရာတွင် စောရှီးလေဆိုသူကို အစားထိုးခန့်အပ်ခဲ့သည့်အတွက် နယ်ဒါးမြသည် KNU အပေါ် မကျေမနပ်ဖြစ်ခဲ့ပြီး တာဝန်မှ အနားမယူဘဲ ၎င်းသာလျှင် KNDO စစ်ဦးစီးချုပ်ဟု ကြွေးကြော်ပြီး အကြမ်းဖက် လုပ်ရပ်များကို ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း။
ထို့ပြင် ၂၀၂၂ ခုနှစ် ဧပြီလတတိယပတ်အတွင်းတွင် ယခင် DKBA အဖွဲ့မှ စောစလုံးဦးဆောင်သည့် အင်အားအချို့သည် နယ်ဒါးမြနှင့် သွားရောက် ပူးပေါင်းခဲ့သည့်အတွက် အကြမ်းဖက် လုပ်ငန်းများကို ပိုမို လုပ်ဆောင်ခဲ့ပြီး အင်အားအနည်းငယ် တောင့်တင်းလာသည့်အတွက် နယ်ဒါးမြအနေဖြင့်လည်း KNU မှ ခွဲထွက်နိုင်ရေး ပိုမိုလုပ်ဆောင်လာခဲ့ ကြောင်း၊ KNU အဖွဲ့ အကြီးအကဲရာထူး ယူထားသူများအနေဖြင့်လည်း ထိန်းမနိုင်၊ သိမ်းမရ အခြေအနေတချို့ ရင်ဆိုင်လာရသည်ကို တွေ့ရ ကြောင်း၊ အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG အဖွဲ့ထံကရလာမည့် ငွေကြေးအချို့နှင့် မြန်မာပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေလိုသည့် နိုင်ငံအချို့က ထောက်ပံ့မှုများကြောင့် နယ်ဒါးမြသည် ၎င်းလက်အောက်ရှိ အင်အားများ စုစည်းပြီး PDF အမည်ခံ အကြမ်းဖက် အဖွဲ့များနှင့်အတူ တပ်မတော်တပ်စခန်းတစ်ခုဖြစ်သည့် ဥကရစ်ထစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှုများပြားစွာနှင့် ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း၊ ယင်းဥကရစ်ထစခန်းကို တိုက်ခိုက်သည့်ဖြစ်စဉ်ကို ပြန်လည်စိစစ်ကြည့်သည့်အခါ PDF အမည်ခံ အကြမ်းဖက်လူငယ်များ သေဆုံး၊ ဒဏ်ရာရမှု များပြားခဲ့သည်ကို တွေ့ရကြောင်း၊ ပြောရလျှင် ထိုးကျွေးခံရခြင်းသာဖြစ်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကို ရောက်နေသည့် လူငယ်များ အသိ၊ သတိနှင့်ဆင်ခြင်စဉ်းစားကြရန် ထပ်မံပြောကြားလိုကြောင်း၊ ယခင်တစ်ခါကလည်း မိမိပြောပြီးဖြစ်ကြောင်း၊ ယင်းလက်နက်ခဲယမ်းများ မည်သည့်နေရာက ရသနည်း၊ မိုးပေါ်က ကျလာခြင်းမဟုတ်ကြောင်း၊ အလကားရခြင်းလည်း မဟုတ်ကြောင်း၊ ငွေနှင့်ပေးဝယ်ချင်ဝယ်၊ ထောက်ပံ့ခြင်း ဖြစ်ရင်ဖြစ် တစ်ခုခုသာဖြစ်ကြောင်း၊ မဟာမိတ်အဖွဲ့ဆီက ရသည်ဆိုလျှင် မည်သည့်အဖွဲ့က ရမည်နည်း၊ မြန်မာနိုင်ငံထဲက မရနိုင်သည်မှာ သေချာကြောင်း၊ ၎င်းတို့နေထိုင်နေသည်မှာ မည်သည့်နေရာ၌ နေထိုင် နေသနည်း၊ ထိုသို့ဆိုလျှင် မည်သည့် နေရာကရမည်ဆိုသည်ကို သိရှိနိုင် မည်ဖြစ်ကြောင်း။
အဖွဲ့တွင်း အကွဲအပြဲတချို့ ထပ်မံဖြစ်ပေါ်ခဲ့သကဲ့သို့ KNU အနေဖြင့်လည်း ပိုမိုဖိအားပေးလာသည့် အတွက် နယ်ဒါးမြသည် တစ်စင်ထောင်နိုင်ရန် ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် နယ်ဒါးမြသည် KNU မှ ခွဲထွက်ပြီး ကော်သူးလေတပ်မတော် ဆိုသည်ကို ဖွဲ့စည်းကြောင်း၊ NUG အပါအဝင် PDF များ၊ တပ်မတော်ကို တိုက်ခိုက်နေသည့် အဖွဲ့များနှင့်ပူးပေါင်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း၊ မီဒီယာအချို့နှင့် အင်တာဗျူးဖြေရာတွင် NCA ကို သွားနေ သည့် KNU အကြီးအကဲများ၊ တပ်များရှိနေသည့်အတွက် ခွဲထွက် ထူထောင်ခြင်း ဖြစ်သည်ဟုလည်း ထည့်ပြောသွားသည်ကို တွေ့ရ ကြောင်း၊ ယင်းစကားတွင်ပင် အဖြေတော်တော်များများပါကြောင်း၊ တစ်တိုင်းပြည်လုံးငြိမ်းချမ်းစေမည့် NCA ကို လက်မခံဘဲ အကြမ်းဖက် အဖွဲ့များနှင့် ပူးပေါင်းမည်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မည် ဆိုသည်မှာ ငြိမ်းချမ်းရေးကို လိုလားသူလား၊ မလိုလားသူလား အဖြေထွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကော်သူးလေ Army ဖွဲ့စည်းခြင်း ကို KNLA ဗဟိုစစ်ဦးစီးဌာနချုပ် အနေဖြင့် စာထုတ်ကန့်ကွက်ခဲ့သကဲ့သို့ အချို့နေရာများတွင် တိုက်ပွဲပါ ဖြစ်ခဲ့သည်ဟု သိရကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်ပြီး မိမိအဓိက ပြောလိုသည်မှာ KNU အဖွဲ့ထဲတွင် ငြိမ်းချမ်းစေလိုသည့် စိတ်ရှိသူ၊ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်း လိုသူများရှိကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ်လို ချင်လျှင်လာတွေ့ နိုင်သည်၊ ဆွေးနွေးနိုင်သည်၊ တံခါးဖွင့်ထားသည်ဟု ပြောလိုကြောင်း။
ယင်းနေရာတွင် NCA နှင့်ပတ်သက်ပြီး ပြောရလျှင် NCA ကို ယေဘုယျအားဖြင့် တိုင်းရင်းသားများက အကုန်လက်ခံသည်ကို တွေ့ရကြောင်း၊ အဘယ့်ကြောင့်ဆိုသော် NCA ကို စတင်ရေးဆွဲခဲ့သည်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီးသာဖြစ်ကြောင်း၊ လက်မခံသည်မှာ နောက်ကွယ်တွင်ရှိနေသည့် အကြံပေးများသာ ဖြစ်ကြောင်း၊ ယင်းအကြံပေးများက မည်သူများလဲ၊ မြန်မာနိုင်ငံသား မဟုတ်သူများသာဖြစ်ကြောင်း၊ ၎င်းတို့တွင် လက်နက်ကိုင်အဖွဲ့အစည်း မရှိကြောင်း၊ အဖွဲ့အစည်းအမျိုးမျိုးကို ထောက်ပံ့ပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသူများသာ ဖြစ်ကြောင်း၊ ထောက်ပံ့မှုများ၊ သွေးထိုးမှုများကို အစဉ်အဆက် ပြုလုပ်နေသည်ဖြစ်ကြောင်း၊ ထောက်ပံ့၊ သွေးထိုးလှုံ့ဆော်သည့် အင်အားသာရှိကြောင်း၊ အထောက်အပံ့ခံ တိုင်းရင်းသားလက်နက် အဖွဲ့အစည်းအသီးသီး အနေဖြင့်လည်း ၎င်းတို့သည် မိမိတို့နိုင်ငံအကျိုး၊ ဒေသအကျိုး၊ တိုင်းရင်းသား လူမျိုးများအကျိုးကို တကယ်လိုလားသည်လား၊ ၎င်းတို့ လိုချင်သည့်ပုံစံကို ပုံဖော်နေသည်လား သတိရှိရန်လိုကြောင်း ပြောကြားလိုကြောင်း။
နောက်ဆုံးအချက်အနေဖြင့် NUG အကြမ်းဖက်အဖွဲ့က ထူထောင်ထားသည့် တရားမဝင် ပညာရေးကျောင်းဖြစ်သည့် Kaung for you online ပညာရေးဆိုင်ရာကိစ္စရပ်နှင့် ဆက်စပ်မှုများကို ပြောကြားသွား မည်ဖြစ်ကြောင်း၊ Kaung For You Education Centre ဆိုပြီး တရားမဝင် ပညာသင်ကြားမှုအစီအစဉ်ကို ဦးဆောင်သည့် တရားခံပြေး ကောင်းသိုက်စိုး အပါအဝင် သုံးဦး ဖမ်းဆီးရမိခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြောလိုကြောင်း၊သတင်းထုတ်ပြန်ပြီးလည်းဖြစ်သည့်အတွက် အားလုံးလည်း သိထားပြီးဖြစ်မည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အစိုးရကျောင်းများ၌ ကျောင်းတက်ရောက်ခြင်းမရှိစေရန်နှင့် အစိုးရ၏ ပညာရေးစနစ် ပျက်ပြားစေရန် ရည်ရွယ်ချက်များနှင့် NUG အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ဇော်ဝေစိုးနှင့် ဂျာထွယ်ပန်တို့သည် Kaung For You တရားမဝင် ပညာသင်ကြားမှုအစီအစဉ်ကို Online စနစ်နှင့် သင်ကြားရန်ဆိုပြီး စီစဉ်ခဲ့ခြင်းရှိကြောင်း၊ ယင်းအစီအစဉ်တွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူသည့်သူက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြစ်သားမြို့နယ်၌ဖြစ်သည့် ဆူပူဆန္ဒပြမှုများတွင် ဦးဆောင် ပါဝင်ခဲ့သည့်အတွက် မြစ်သားမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ကနှင့် အမှုဖွင့်ခံထားရသည့် တရားခံပြေး ကောင်းသိုက်စိုးဖြစ်ကြောင်း၊ ၎င်းသည် လက်ထောက်မြို့နယ် ပညာရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး CDM လုပ်ထားသူဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းတွင် ကောင်းသိုက်စိုး အပါအဝင် ကျောက်ဆည်မြို့နယ် ကျားကာရွာနေ CDM မူလတန်းပြ ဝင်းဗိုလ်(ခ)ဘိုဘိုနှင့် မြစ်သားမြို့နယ် မြင်းရွာကြီးကျေးရွာနေ CDM မူလတန်းပြ သန့်စင်ထိုက်တို့ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ် လှည်းရိုးရပ်ကွက်ရှိ အခကြေး ငွေရယူပြီး အမျိုးသမီးများနှင့် ပျော်ပါးရသည့်နေရာ၌ အမျိုးသမီးများနှင့်အတူ သောက်စား ပျော်ပါးနေချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း။
တရားခံပြေး ကောင်းသိုက်စိုး၏ ထွက်ဆိုချက်များအရ ၎င်းသည် ယခုပညာသင်ကြားမှု အစီအစဉ်တွင် ကျောင်းအုပ်ကြီး တာဝန်ယူထားကြောင်း၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ စေခိုင်းမှုနှင့် Kaung For You Federal Private School Team ကို ၂၀၂၂ ခုနှစ် ဧပြီလ ပထမပတ်တွင် အဖွဲ့ဝင် ၁၂ ဦးနှင့် အွန်လိုင်းကတစ်ဆင့် ဖွဲ့စည်းခဲ့ပြီး ဇူလိုင် ၁၃ ရက်တွင် စတင်သင်ကြားပို့ချရန် ဆောင်ရွက်ထားကြကြောင်း၊ ယင်းသို့ သင်ကြားပို့ချနိုင်ရန် အတွက်လည်း CDM ဆရာ ဆရာမဦးရေ ၄၀၀ ကို ခန့်အပ်ရန် စီစဉ်ခဲ့သည်ဟု သိရကြောင်း၊ ထို့ပြင် ကျောင်းတက် ရောက်မည့် ကျောင်းသား ကျောင်းသူများကိုလည်း ဇွန် ၁ ရက်မှစပြီး အွန်လိုင်းကတစ်ဆင့် ကျောင်းအပ် လက်ခံခြင်းများ၊ အွန်လိုင်းအခြေပြု သင်ကြားရန်အတွက် Zoom Application ၊ Facebook ၊ Telegram ၊ Signal ၊ Gmail ၊ Messenger တို့တွင် Group ဖွဲ့ ဆက်သွယ်ထားသည်များ ကို စစ်ဆေးတွေ့ရှိရကြောင်း။
နောက်တစ်ချက်မှာ ထိုကဲ့သို့ အွန်လိုင်းကတစ်ဆင့် စာသင်ကြားပေးမည့် CDM ဆရာ ဆရာမများအတွက် လစာငွေကို ကျောင်းအပ်နှံသည့် ကလေးများ၏ မိဘများထံမှ တစ်ဦးကို တစ်လလျှင် အနည်းဆုံး ကျပ် ၁၀၀၀၀ ကောက်ခံသည်ဟု သိရကြောင်း၊ ယင်းကောက်ခံရရှိသည့် ငွေကြေးများကို အသုံးပြုပြီး ယခုဖမ်းဆီးရမိသည့် တရားခံသုံးဦးသည် တောင်ကြီးနှင့် ကလောမြို့များ၌ လောင်းကစားလုပ်ခြင်းများ၊ အခကြေးငွေယူသည့် အမျိုးသမီးများနှင့် ပျော်ပါးခြင်းများ၊ သောက်စားခြင်းများ လုပ်နေကြပြီး ငွေလိုလာသည့် အချိန်တိုင်းတွင်လည်း CDM လုပ်ထားသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘများထံ အွန်လိုင်းမှတစ်ဆင့် အမည်အမျိုးမျိုး၊ အကောင့်အမျိုးမျိုးနှင့် ခြိမ်းခြောက် ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့သည်ကို စစ်ဆေးဖော်ထုတ် တွေ့ရှိခဲ့ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူစဉ် ကတည်းက အနာဂတ်လူငယ်များ၏ ပညာရည်မြင့်မားရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးသူငယ်များ၏ ပညာရေး နှောင့်နှေးကြန့်ကြာမှုများ၊ စာသင်နှစ်နစ်နာရမှုများ မရှိအောင် ကိုဗစ်-၁၉ ရောဂါကို စတင်ထိန်းချုပ် လာနိုင်ပြီဆိုသည်နှင့် ပညာရေးကဏ္ဍကိုလည်း ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ ကျန်နေသည့် စာသင်နှစ်များအတွက် အခြေခံပညာကျောင်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ဖွင့်လှစ်ရာတွင်လည်း နိုင်ငံသားတိုင်းအခြေခံ ပညာပြီးဆုံးသည်အထိ သင်ယူတတ်မြောက်ရန်ဆိုသည့် ရည်ရွယ်ချက်နှင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာသင်ကြားရေးတွင် အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပြီးကျောင်းများ ပြန်လည်ဖွင့်လှစ် ပေးခဲ့ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး အစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များဆိုပြီး ထုတ်ပြန်ချက်များနှင့် ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးများ အပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝကောက်ခံခြင်းမပြုဘဲ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း။
နိုင်ငံတော်က ယခုကဲ့သို့ ကျောင်းနေအရွယ် ကလေးတိုင်းကို ပညာသင်ကြားနိုင်ရန်နှင့် အနာဂတ် လူငယ်များ၏ ပညာရည်မြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်နေချိန်တွင် NUG အမည်ခံ အစွန်းရောက်အဖျက် သမားများက မည်သည့်အတွေးအခေါ်၊ မည်သည့် ရည်ရွယ်ချက်မျိုးများနှင့် ယခုလိုလေပေါ်က ကြေညာချက်များထုတ်၊ လေကျောင်းများဖွင့်ပြီး အခကြေးငွေကိုမူ လေနှင့်မကောက်ဘဲ တကယ်ကောက်ခံ၊ ထို့နောက် သောက်စားပျော်ပါးသည့် နေရာနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များတွင် သုံးနေသည်မှာ တကယ်ပညာတတ်စေလိုခြင်းလား၊ အလှူခံကောင်းရုံလား ဆိုသည်မှာ ကြည့်လျှင် သိနိုင်ကြောင်း၊ မိဘများ အနေဖြင့်လည်း မိမိရင်သွေး၊ မိမိသားသမီးကို အမှန်တကယ်ပညာ တတ်စေလိုသည်လား၊ ကိုယ့်အတ္တအရောင်များ ပါနေလားဆိုသည်ကို သုံးသပ်စေလိုကြောင်း၊ ပညာရေးတွင် နိုင်ငံရေးအရောင်များ ရောထွေး နေသည့် မိဘများ၏ အတ္တများကြောင့် ယခုရော မိမိသားသမီးများ ပညာသင်ကြားနေရပြီလား၊ သင်ရိုးများကိုရော လေ့လာပြီးပါပြီလား၊ လက်ရှိသင်ကြားနေသည့် သင်ရိုးများသည် ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်နေသည့်အကြောင်းအရာ ဘာများပါပါသလဲ လေ့လာကြည့် စေလိုကြောင်း၊ နိုင်ငံရေးလုပ်၍ရကြောင်း၊ သို့သော် ကလေးများ၏ ပညာရေးကိုမူ အသုံးချခံ မဖြစ်စေလိုကြောင်း၊ ယင်းသည် မိဘတစ်ယောက် အနေဖြင့် စေတနာစကားသာ ဖြစ်ကြောင်း။
နောက်တစ်ခုမှာ Kaung For You ဆိုသည့်ကျောင်း၌ စာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားသည့် ကိစ္စများ၊ ယင်းကိုယ်ရေး အချက်အလက်များကို ကိုင်ပြီး ခြိမ်းခြောက်အကျပ်ကိုင် ငွေညှစ်မှုများကိုလည်း လူမှုကွန်ရက်တွင် ဆူဆူညံညံပေါက်ကွဲ ထွက်လာသည်များကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့ ဖော်ထုတ်ပေးစရာ မလိုကြောင်း၊ ယင်းကိုလည်း အချို့အနီလော်ဘီများက မျက်စိစုံမှိတ်ပြီး ဟိုဘက်က လုပ်သည်၊ ဒီဘက်က လုပ်သည်နှင့် ဖာကြ၊ ထေးကြလုပ်နေသည်များ တွေ့ရကြောင်း၊ ယင်းကိစ္စ ဖြစ်လာသည့် အခါ NUG အကြမ်းဖက်အဖွဲ့နှင့် ပြည်ဖျက်မီဒီယာများက Kaung For You နှင့်ပတ်သက်ခဲ့သည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများကို ဘဝဆုံးသွား အောင်၊ တောထဲရောက်အောင် တွန်းပို့လှုံ့ဆော်နေသည်များ တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ဦးစီးဦးဆောင်လုပ်နေသည့်သူများ၊ သွေးထိုးလှုံ့ဆော် ခေါင်းဆောင်လုပ်နေသူများမှအပ ကျောင်းသား ကျောင်းသူ မိဘများကို အရေးယူဆောင်ရွက်မည် မဟုတ်ကြောင်းကို နိုင်ငံပိုင် မီဒီယာများ၊ အခြားမီဒီယာများ၏ မေးမြန်းမှုများတွင် ပြောကြားခဲ့ကြောင်း၊ ထူးဆန်းသည်မှာ ယင်းပြောကြားချက်ကို နိုင်ငံ့အကျိုး၊ မိဘပြည်သူများအကျိုးကို လိုလားသူများက ဖော်ပြကြတိုင်း လူမှု ကွန်ရက်စာမျက်နှာများအပေါ် တော်တော်များများ ဖြုတ်ချခံခဲ့ရသည်ကို တွေ့ရကြောင်း။
ထိုသို့ဆိုလျှင် ၎င်းတို့၏ ရည်ရွယ်ချက် အစစ်အမှန်က ဘာလဲဆိုသည်ကို သိရမည်ဖြစ်ကြောင်း၊ ယခုလည်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစိုးရအနေဖြင့် ယင်းကိစ္စကို အသေးစိတ် ဖော်ထုတ်ရာတွင် အချက်အလက် များစွာရခဲ့ကြောင်း၊ ယင်းအဖွဲ့အစည်းနှင့် ပတ်သက်မိခဲ့သည့် ဆရာ ဆရာမများနှင့် အချို့သော ဆရာ ဆရာမ များသည် မိမိတို့လုပ်ဆောင်ခဲ့သည့်၊ မှားယွင်းသည့် လုပ်ရပ်များအပေါ် အသိတရားရပြီး အေးချမ်းစွာ နေထိုင်လိုသည့်အတွက် ပြန်လည် ဆက်သွယ် လာမှုများရှိကြောင်း၊ ဩဂုတ် ၇ ရက် နောက်ဆုံးထားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် ဆက်သွယ်ကြရန် ကြေညာချက်တစ်စောင် ထုတ်ထားကြောင်း၊ အစိုးရအနေဖြင့်လည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝ အေးချမ်းစွာ နေထိုင်နိုင်ရေး ဆရာဆရာမများကို အာမခံချက်ရှိကြောင်း ထပ်မံအသိပေးပြောကြားလိုကြောင်း။
NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ စေခိုင်းမှုများနှင့် အကြမ်းဖက် သမားများသည် နည်းလမ်း မျိုးစုံဖြင့် ပြည်သူများထံမှ ငွေညှစ်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မည်သည့်ကဏ္ဍမျှ မလွတ်ကင်း ကြောင်း၊ Kaung For You ဖြစ်စဉ်ကဲ့သို့ ဖြစ်စဉ်များရှိကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပညာရည်မြင့်မားရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခက်အခဲ၊ အနှောင့်အယှက် အမျိုးမျိုးနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ၎င်းတို့ အမြဲတိုင်းတာနေသည့် လူ့အခွင့်အရေးဆိုသည့် ပေတံကို ကြည့်မည် ဆိုပါက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၂၆)တွင် လူတိုင်းပညာသင်ကြားခွင့် ရှိသည်၊ အနိမ့်ဆုံးမူလတန်းပညာကို အခမဲ့သင်ခွင့်ရှိသည် ဆိုသည့်အချက်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ယင်းအချက်ကို ပြည်သူ့အတွက်ဟု ပြောနေသည့်လူများက လိုက်နာ နေကြပါသလားဟု မေးလိုကြောင်း၊ ပညာသင်ကြားပေးနေသည့်၊ ပညာသင်ယူနေကြသည့် ဆရာ ဆရာမများနှင့် ကလေးများကိုပင် လူတစ်ယောက်အနေဖြင့်ရော ဘာသာတရားအလိုက် အဆုံးအမများ၊ ကျင့်ဝတ်များအနေဖြင့်ပါ လက်မခံနိုင်သည့် မိုင်းထောင်ခြင်း၊ လူသတ် ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်းများကို ထိုအဖွဲ့များက လုပ်ဆောင်နေသည်မှာ ကလေးများကို အမှန်တကယ် ပညာတတ်စေလိုခြင်းလားဟု မေးကြည့်စေလိုကြောင်း။
ယခုလိုဖြစ်ရန် စေခိုင်းနေသည့်သူများ၏ သားသမီးများကရော မည်သည့်နေရာတွင် ပညာသင်ကြားနေပါသလဲ၊ ၎င်းတို့ကိုယ်တိုင် ဦးဆောင်ပါဝင်နေသော ၎င်းတို့သတ်မှတ်ထားသည့် ၎င်းတို့အစိုးရဟု သတ်မှတ်ထားသည့် အစိုးရကဖွင့်သည့် ကျောင်းများတွင် ကျောင်းတက်နေပါသလား၊ ယခုကဲ့သို့လုပ်ရန် တိုက်တွန်းနေသည့် သူများကရော မည်သည့်နေရာတွင် နေထိုင်နေကြပါသလဲ၊ အလှူခံကောင်းရုံ ဓာတ်ပုံများရိုက်ပြခြင်းများတော့ ရှိနိုင်ကြောင်း၊ ၎င်းတို့ဘယ်လိုနေရာများတွင် နေထိုင်နေကြပါသလဲ၊ ၎င်းတို့၏ သွေးထိုးမြှောက်ပင့် မှုများကြောင့် လူငယ်အများအပြား ဆုံးရှုံးနေရကြောင်း၊ အမှန်တကယ် အလှူငွေများရနေသည်မှာ မည်သူများလဲ၊ ယခု Kaung For You ဖြစ်စဉ်တွင် အလှူငွေတောင်မဟုတ်သည့် ပညာသင်ကြားခများကိုပင် ကိုယ်ကျိုးကိစ္စများအတွက် သုံးစွဲနေသည်ကို တွေ့ရကြောင်း၊ ဘက်စုံအတွက် လှူသည်ဆိုသည့် ငွေများဆိုလျှင် ဘက်စုံသုံး၊ ဘက်စုံဘုံး နေကြမည်မှာ အသေအချာဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင်သာမက ဖမ်းဆီးရမိသည့် ဖြစ်စဉ်များကို ကြည့်မည် ဆိုလျှင် ၎င်းတို့ကိုယ်တိုင် ဝန်ခံထားသည့် ထွက်ဆိုချက်များတွင်ရရှိသည့် အလှူငွေများကို လောင်းကစားလုပ်ခြင်း၊ ကိုယ်ကျိုးအတွက် အိမ်၊ ခြံများဝယ်ခြင်း၊ လက်ဝတ်ရတနာများဝယ်ခြင်း၊ အခကြေးငွေပေး၍ အမျိုးသမီးများနှင့် ပျော်ပါးသည့်နေရာများတွင် သုံးစွဲခြင်းနှင့် မူးယစ်ဆေး သုံးစွဲသည့် နေရာများတွင် အသုံးချနေကြသည်ကို ၎င်းတို့၏ ထွက်ဆိုချက်များတွင် တွေ့ရမည် ဖြစ်ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်သည့် Video File များကိုလည်း ပြသပြီးဖြစ်ကြောင်း၊ ယခင် ပြသပြီးသား Video File တစ်ခုကို ပြန်လည်ပြသမည်ဖြစ်ကြောင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိခိုက်စေ ရန် ပြသခြင်းမဟုတ်ကြောင်းပြောကြား၍ Video File ကို ပြသသည်။
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်း အသီးသီးတွင် သွေးထိုး လှုံ့ဆော်မှုများကြောင့် ရောက်ရှိနေသည့် လူငယ်များ၏ ရင်လေးဖွယ်ရာအဖြစ်များနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းများကို တွေ့ရမည်ဖြစ်ကြောင်း၊ အမျိုးသမီးငယ် အတော်များများတွင် ကိုယ်ဝန်များရှိနေကြသည်ကိုလည်း မိမိပြောခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အမြတ်ထုတ်မှုများ ရှိနေသည်ကိုလည်း တွေ့ရကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်၍ မီဒီယာ တစ်ခုကလည်း မိမိတို့၏ ရေးသားချက်များအပေါ် ပြင်းပြင်းထန်ထန် ပြန်လည်ရေးသား ခဲ့ကြောင်း၊ ဆန့်ကျင်၍ ရေးသားခြင်းမဟုတ်ဘဲ ထိုသို့ မဖြစ်သင့်ကြောင်းကို ရေးသားခဲ့ခြင်း ဖြစ်ကြောင်း၊ ထူးခြားသည်မှာ NUG အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်း အသီးသီးတွင် သွေးထိုးလှုံ့ဆော်မှုများကြောင့် ရောက်ရှိနေသည့် အမျိုးသမီးငယ်များရှိကြောင်း၊ ၎င်းတို့အပေါ်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ အမြတ်ထုတ်မှုများရှိနေကြောင်းကို တွေ့ရပါကြောင်း၊ စိတ်မကောင်းစွာနှင့်ပြောရလျှင် အချို့ကိစ္စများမှာ လူမှုအရသာခံစားရန် အတွက် ပွဲတော်ကြီးတစ်ပွဲသဖွယ် ဖြစ်နေသည်ကို အံ့ဩစွာတွေ့ရကြောင်း၊ အချို့ကိစ္စများဆို မိမိပြောစရာ မလိုကြောင်း၊ ၎င်းတို့ကိုယ်တိုင် ပေါက်ကွဲထွက်နေကြသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း။
နှစ်ထပ်ကွမ်းသက်တမ်း ရှိနေပြီဖြစ်သည့် နွေဦးတော်လှန်ရေး၊ ၎င်းတို့ယခုပြောသည့် အရေးတော်ပုံကြီး အောင်မြင်ရန် NLD က မွေခံထိုက်စေဘဝနှင့် ဆင်းသက်လာကြသည့် လက်ပါးစေခေါ်မည်လား လက်ကိုင်တုတ်ခေါ်မည်လား အလှူခံစားနေကြသည့်သူများ တစ်ယောက်နှင့် တစ်ယောက် တည့်ကြရဲ့လား၊ ညီညွတ်ကြသလား၊ စည်းလုံးကြသလား၊ ဖေးမကြသလားဆိုသည်ကို လူမှုကွန်ရက် စာမျက်နှာများတွင်တင်၍ ပြောဆိုနေကြသည်များကိုသာ ကြည့်စေလို ကြောင်း၊ မိမိတို့ ပြောနေစရာပင် မလိုကြောင်း၊ လေတပ်ချီပြီး လေစစ် တိုက်နေကြသည်ကိုတော့ တွေ့ရကြောင်း၊ မည်သူကမည်မျှလှူပါသည် ဆိုသည်ကိုပင် အလှူရှင်များ၏ လုံခြုံရေးအရ ချမပြဘူးဆိုသည့် အကြောင်းပြချက်ကြီးက အခိုင်အခန့် ရှိနေလေတော့ မည်သူက မည်မျှလှူမှန်းမသိ၊ ကျန်သည့်လူက လူမြင်ကောင်းအောင် လှူပြ၊ အလှူခံ ပုဂ္ဂိုလ်မိသားစုအတွက်သာ ဖြစ်သွားသည်ကိုလည်း တွေးခေါ်ရန်လို ကြောင်း၊ အမေရိကန်လို နိုင်ငံမျိုး၌ မိမိသာမက မိသားစုတစ်ခုလုံးကို မည်သည့်အလုပ်မှလည်း မည်မည်ရရပြစရာမရှိဘဲ ခေါ်ထားနိုင်ခြင်း သည်လည်း စဉ်းစားစရာပင်ဖြစ်ကြောင်း၊ ယင်းနိုင်ငံတွင်တော့ ထိုက်သင့်သည့် အထောက်အပံ့များ ရလိမ့်မည်ဖြစ်ကြောင်း၊ ပြန်လည်ဝင်ရောက် လာသူအချို့၏ ပြောပြချက်များအရ ရရှိသည့် ထောက်ပံ့မှုများကလည်း ၎င်းတို့အတွက် နေထိုင်စားသောက် စရိတ်ခန့်သာ ပေးခြင်းဖြစ်ပြီး သုံးဖြုန်း ပျော်ပါးရန်မလုံလောက်ကြောင်း၊ သို့သော် ၎င်းတို့ မည်သို့ ပျော်ပါးနေကြသည်၊ မည်သို့ လုပ်ဆောင်နေကြသည်၊ ၎င်းတို့ သားသမီးများ ကျောင်းများ မည်သို့တက်နေကြသည်၊ မည်သို့နေထိုင်ကြသည်ကို လူမှုကွန်ရက်တွင် ၎င်းတို့တင်ထားသည်ကို ကြည့်လျှင်ပင် သိမြင်နိုင်ကြောင်း၊ ထိုအရာများသည် ခိုင်မာသည့် သက်သေအထောက်အထား များဖြစ်သည်ဟု ပြောလိုပါကြောင်း။
(ဆက်လက်ဖော်ပြပါမည်)