နေပြည်တော် ဇူလိုင် ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ရွှေ(ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက် (Shwe Bank) တို့ ပူးပေါင်း၍ မြစိမ်းရောင် စီမံကိန်းကျေးရွာ ကိုးရွာတွင် Mobile Financial Payment စနစ်ဖြင့် ချေးငွေထုတ်ယူနိုင်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရုံးအမှတ် (၃၆) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပသည်။
ဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရွှေ(ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုး တိုးတက်ရေးဘဏ်လီမိတက် (Shwe Bank)မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ရွှေ (ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်သက်ဦးတို့က မြစိမ်းရောင်စီမံကိန်းကျေးရွာ ကိုးရွာတွင် မိုဘိုင်းဖုန်းဖြင့် ငွေကြေးလွှဲပြောင်းခြင်း လုပ်ငန်းဖြင့် ချေးငွေထုတ်ယူနိုင်ရေး ရှေးပြေးဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်အား နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးကြသည်။
လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ရွှေ(ကျေးလက်နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက် (Shwe Bank)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်