Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း (၁၁)ကြိမ်မြောက် တိုင်းရင်းဆေး သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော် ဇူလိုင် ၂၇

(၁၁)ကြိမ်မြောက်၊ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း(ဗဟို)နှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့တို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးပညာရှင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် သုတေသနစာတမ်းဖတ်ပွဲမှ ထွက်ရှိလာသည့် သုတေသနစာတမ်းများကို စနစ်တကျ မှတ်တမ်းတင်ထားရှိရမည်ဖြစ်ကာ မျိုးဆက်သစ်များ ရည်ညွှန်းကိုးကားနိုင်ရန် ပြည်တွင်းဆေးသုတေသန ဂျာနယ်များနှင့် နိုင်ငံတကာ အသိအမှတ်ပြု သုတေသန ဂျာနယ်များတွင် ထည့်သွင်းဖော်ပြနိုင်သည်အထိ ကြိုးစားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းရင်းဆေးသုတေသန ပိုစတာများကို လှည့်လည်ကြည့်ရှု အားပေးသည်။ ယခုစာတမ်းဖတ်ပွဲတွင် သုတေသနစာတမ်းပေါင်း (၂၂) စောင်၊ ပိုစတာ (၆)စောင်၊ တင်သွင်းဖတ်ကြားကြမည်ဖြစ်ပြီး နှီးနွယ်ဝန်ကြီးဌာနများကလည်း စာတမ်းများ လာရောက်ဖတ်ကြားသွားကြမည်ဖြစ်ကာ အကောင်းဆုံး တိုင်းရင်းဆေး သုတေသနစာတမ်း၊ သိပ္ပံသုတေသနစာတမ်း၊ ကျန်းမာရေးစနစ် သုတေသနစာတမ်းနှင့် ပိုစတာများမှ အရည်အသွေးအဆင့်မီသည့် သုတေသနစာတမ်းများကို စိစစ်အကဲဖြတ်ပြီး ဆုချီးမြှင့်သွားမည် ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆေးတက္ကသိုလ်-မန္တလေး၌ ကျင်းပသည့် ဇီဝကခန်းမ (မန်းရတနာပုံ)နှင့် Recreation Centre ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြုတက္ကသိုလ်-မန္တလေး (၆)ထပ်ပင်မဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကာ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ဖြင့်ပက်ဖြန်းပေးကြသည်။

ယင်းနောက် သူနာပြုတက္ကသိုလ်-မန္တလေး သူနာပြုသိပ္ပံ(ပုံမှန်) ကျောင်းသူများက ကရုဏာအလင်းသီချင်းကို သီဆိုဖျော်ဖြေသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားပြီး သူနာပြုတက္ကသိုလ်-မန္တလေး ပါမောက္ခချုပ်က (၆)ထပ်ပင်မဆောင်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ (၆)ထပ်ပင်မဆောင်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို သူနာပြုတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်ဝင်းစိန်က ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်