Skip to main content

နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့ မျိုးသန့်ပွားများရေး ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၇

နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့ မျိုးသန့်ပွားများရေး ဆောင်ရွက်မှု ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနခြံ၌ ကျင်းပသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ သုတေသန ပညာရှင်များ၊ မျိုးသန့်မျိုးပွားလုပ်ငန်းနှင့် တောင်သူပညာပေးလုပ်ငန်းများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် ဆောင်ရွက်မည့် မျိုးသန့်ပွားများရေးလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နေကြာသီးနှံ မျိုးစေ့ထုတ်လုပ်ငန်းကို ဌာနပိုင်ခြံများတွင် မျိုးသန့်မျိုးပွားမှုလုပ်ငန်း အဆင့်အလိုက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် နေကြာမျိုးစေ့ ဖူလုံရေးအတွက် ဌာန၊ တောင်သူ၊ ပုဂ္ဂလိက ကဏ္ဍအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နေမှုကို လည်းကောင်း၊ တပ်ကုန်း စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံက ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေမှုကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက နေကြာသီးနှံကို အဓိက စိုက်ပျိုးမည့်ဒေသများ၊ သီးထပ်သီးညှပ် စိုက်ပျိုးမည့်ဒေသများကို ဧရိယာအလိုက် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ ရေအသုံးချသူအဖွဲ့များနှင့် စနစ်တကျ လယ်ယာမြေ ဖော်ထုတ်လုပ်ကိုင်နေသူ တောင်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေမြေအခြေအနေ သင့်တော်သည့် ဧရိယာများတွင် မျိုးစေ့ထုတ်ဇုန်များ ဆောင်ရွက်ရန်၊ နေကြာမျိုးစေ့ထုတ် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အကျိုးဆောင် တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်နိုင်ရေး၊ လယ်ယာသုံး စက်ကိရိယာ သုံးစွဲနိုင်ရေးအတွက် ဌာနနှင့် ပုဂ္ဂလိက လယ်ယာသုံး စက်ကိရိယာ ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်၊ ဆက်စပ်ဌာနများ၏ ပူးပေါင်းမှုအားကို ရယူဆောင်ရွက်ရန်၊ မျိုးစေ့ထုတ်လုပ်ငန်းနှင့် ဆီစက်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ဆောင်ရွက်လိုသူများ ဖိတ်ခေါ်အားပေး ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တပ်ကုန်း စိုက်ပျိုးရေး သုတေသနခြံတွင် နေကြာမျိုးသန့် မျိုးပွားစိုက်ပျိုးနေမှု၊ ရေဆင်းစပ်မျိုး နေကြာ-၁ မိဘလိုင်းများ မျိုးသန့်ထိန်းသိမ်းခြင်းလုပ်ငန်း၊ အလားအလာကောင်းသော ထုတ်ဝေပြီး စပ်မျိုးပြောင်း စိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးအားပေးသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှားတောကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စနစ်ကျလယ်ယာမြေဖော်ထုတ်ရေး စီမံကိန်းမြေနေရာကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ ရှောက်ကုန်း၊ ကျားသေအိုင်၊ နွယ်ရစ်ကျေးရွာများတွင် အချင်း ၁၀ လက်မရှိ စက်ရေတွင်းများဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးသည့် စက်ရေတွင်း (၂၅)တွင်းမှ စိုက်ပျိုးမြေဧရိယာ ဧက(၇၅၀)ကို စိုက်ပျိုးရေပေးဝေနေမှု၊ ဆောင်ရွက်ဆဲ စက်ရေတွင်း (၅)တွင်းနှင့် ဆက်လက်ဆောင်ရွက်မည့် စက်ရေတွင်း (၁၀)ခု ပြီးစီးပါက စိုက်ပျိုးမြေ ဧရိယာဧက (၁၂၀၀)ကို အကျိုးပြုနိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်