နေပြည်တော် မတ် ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမအသင်းသားများ၊ တာဝန်ရှိသူများနှင့်အတူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုကို အားပေးကြည့်ရှုသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ဝန်ကြီးဌာနရုံးဘေးရှိ လယ်မြေ (၂ ဒသမ ၇) ဧကတွင် Rainbow ဝန်ဆောင်မှု သမဝါယမအသင်းမှ ဆောင်ရွက်နေသည့် မိုးစပါး စမ်းသပ်စိုက်ပျိုးခြင်း အခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Rainbow ဝန်ဆောင်မှု သမဝါယမအသင်း၏ လယ်မြေ (၂ ဒသမ ၇) ဧကတွင် GW 11 မျိုးစပါးများ ကြိုးတန်းစနစ်ဖြင့် ကောက်စိုက်ခြင်း၊ အစေ့ချ (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးခြင်းတို့ကို အားပေးကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Rainbow ဝန်ဆောင်မှု သမဝါယမအသင်း၏ နို့စားနွား မွေးမြူရေးခြံသို့ရောက်ရှိပြီး စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေး သမဝါယမအသင်းနှင့် Rainbow ဝန်ဆောင်မှု သမဝါယမအသင်းတို့ ပူးပေါင်း၍ ဖရီးရှန်းနို့စားနွား (၂၂)ကောင် မွေးမြူထားမှု၊ တစ်နေ့လျှင် နွားနို့ပိဿာချိန် (၆၀) ထွက်ရှိပြီး စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းသို့ ရောင်းချနေမှု၊ နွားစာအတွက် မြေ(၃)ဧကတွင် နေပီယာမြက်၊ မွန်ဘားစားမြက်နှင့် အဲဗားဂရင်းမြက် (၃)မျိုး စိုက်ပျိုးထားမှု၊ နေပြည်တော် သမဝါယမအသင်းစုချုပ်မှ ထုတ်လုပ်သော ပြောင်းချဉ်ဖတ်အာဟာရများ ကျွေးမွေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဝန်ထမ်းစားရိပ်သာဆောင်သစ် ဆောက်လုပ်နေမှု၊ ငါးမွေးကန် (၂) ကန်အတွင်း မွေးမြူထားသော ရွှေဝါငါးကြင်း၊ ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ တီလားဗီးယားနှင့် ဘဲများ ဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အောင်မြင်အောင် စေတနာထား ဆောင်ရွက်ရန်နှင့် ရရှိလာသော အကျိုးအမြတ်များဖြင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေး ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သက်တံရောင် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အရောင်းဆိုင်အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်