နေပြည်တော် ဇူလိုင် ၂၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ၊ ဆက်စပ်ဌာနဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း လုပ်အားပေး လူငယ်များက မဲစာရင်းမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်ရာတွင် လိုအပ်သည့် မြို့နယ်ရုံးရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ Online မှ ပေးပို့ဆောင်ရွက်နေမှုကို ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များသည် မဲစာရင်းမှန်ကန်ရေးအတွက် အဓိကဆောင်ရွက်ခြင်း ဖြစ်သော်လည်း ယင်းအချက်အလက်များကို အသုံးပြု၍ မိမိတို့ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် e-ID စနစ်လုပ်ငန်းအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ e-ID စနစ်သည် နိုင်ငံတော်၏ e-Government စနစ် အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံး လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ယခုအချက်အလက်များသည် အရေးကြီးသည့် အချက်အလက်များ ဖြစ်သည်ကို သိရှိနားလည်ကြရန် လိုအပ်ပါကြောင်း၊ အချက်အလက်များ မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးနှင့် လုပ်ငန်းများ အချိန်မီပြီးစီးရေးတို့အတွက် အားလုံးက အလေးထား ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားကာ လုပ်ငန်းဆောင်ရွက်နေသူများအား နှုတ်ဆက်အားပေးသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် အဆိုပါလုပ်ငန်းများကို ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကွန်ပျူတာ အလုံး(၄၀)၊ ပဲခူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် (၁၅)လုံးနှင့် ဘုရားကြီးမြို့ အုပ်ချုပ်ရေးမှူးရုံးတွင် (၅)လုံး စုစုပေါင်း ကွန်ပျူတာအလုံး (၆၀)ဖြင့် နေ့ဆိုင်းနှင့် ညဆိုင်း အဖွဲ့များခွဲကာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်