Skip to main content

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ (၂/၂၀၂၂) အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၇

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ (၂/၂၀၂၂) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက UNESCO ၏ ဖွံ့ဖြိုးရေးနှင့်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ဆောင်ရွက်နေသည့် အစီအစဉ်ဖြစ်သည့် ကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်ကို ၂၀၀၁ ခုနှစ်တွင်စတင်ခဲ့ပြီး လက်ရှိနိုင်ငံပေါင်း ၄၆ နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် ၁၇၇ ခု သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက် အလားအလာကောင်းများ ပိုင်ဆိုင်သည့်နေရာ အများအပြားရှိသည့်အနက် ပုပ္ပါးတောင်ဒေသသည် ထူးခြားသော ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ်ရှေးဟောင်းသံချက်ဖိုများ၊ ထူးခြားသော ဇီဝမျိုးစုံမျိုးကွဲများနှင့် အစွယ် ၂ ထပ်ဆင်၏ ကျောက်ဖြစ်ရုပ်ကြွင်း မေးရိုးများရှိကြောင်း၊ ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်အဖြစ် အဆိုမပြုမီ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဦးစွာသတ်မှတ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံး သတ်မှတ်တည်ထောင်မည့် ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ်ကို ဘူမိနယ်မြေ ၁၄ ခုဖြင့် ကနဦး တည်ထောင်ရန် လျာထားပါကြောင်း၊ ကွဲပြားခြားနားပြီး မတူညီသောစီမံခန့်ခွဲမှု အများအပြားပါဝင်သည့် သဘောသဘာဝ ရှိသောကြောင့် ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ဆက်စပ်သည့်ဌာန၊ အဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးက ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ် တည်ထောင်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းဥက္ကဋ္ဌက အလားအလာရှိ ဘူမိနယ်မြေ၊ ဘူမိဥယျာဉ်များနှင့် ပက်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ကော်မတီအဖွဲ့ဝင်များက ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ် သတ်မှတ်တည်ထောင်နိုင်ရေးနှင့် ပတ်သက်၍ ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ကြသည်။

အစည်းအဝေးသို့ ဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းဥက္ကဋ္ဌက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်စဉ်