နေပြည်တော် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် သိန်း ၅,၄၀၀ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာအနီးတွင် စိုင်းရီ(ခ)အိုက်ရီနှင့် အိုက်နွန်း(ခ)စိုင်းနွန်းတို့ ၂ ဦး Mark-II မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၅၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၆ နာရီတွင် တာချီလိတ်မြို့နယ်၊ ဝမ်ဟောင် ကျေးရွာနေ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ နွဲ့ယီ၏နေအိမ်ကို ဆက်လက်ရှာဖွေရာ နွဲ့ယီနှင့် စိုင်းလုံတို့ကို အိုက်စ်(မက်သ်အဖက်တမင်း) ၁၇ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၅,၄၀၀ ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၈ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်