စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူ အတွက်သော်လည်းကောင်းရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုပါသည်။
စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏ အခွင့် အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုပါသည်။
လူတိုင်း၊ လူတိုင်းသည်နေ့စဉ်နှင့်အမျှ ကုန်စည်ဝန်ဆောင်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိုက်၍ ဖြစ်စေ အသုံးပြုနေကြရသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့ထုတ်လုပ် ဖြန့်ဖြူးနေသော ကုန်စည်၊ ဝန်ဆောင်မှုအတွက် လုပ်ငန်းရှင်ဖြစ်သော်လည်း ၎င်းတို့မထုတ်လုပ်သော ကုန်ပစ္စည်းများအတွက် စားသုံးသူဖြစ်သည်။ သို့အတွက်ကြောင့် လူတိုင်းသည် စားသုံးသူဖြစ်သည့်အတွက် စားသုံးသူဆိုတာ ဘာလဲ၊ စားသုံးသူကာကွယ်ရေးဆိုတာဘာလဲ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်တွေက ဘာလဲဆိုတာ လူတိုင်းသိထာသင့်သည်ဟု ထင်မိပါသည်။ စားသုံးသူနှင့် စားသုံးသူကာကွယ်ရေး အဓိပ္ပါယ်အားအထက်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
စားသုံးသူများအတွက် အခွင့်အရေးများမှာ စားသုံးသူများအတွက် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ်ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိ ခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်သို့မဟုတ် ဝန်ဆောင် မှုနှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့် အရေးများနှင့် လိုအပ်သောအချက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့် ရရှိစေခြင်းတို့ဖြစ်ပါသည်။
ထို့ပြင်စားသုံးသူများတွင် အခွင့်အရေးများရှိသကဲ့သို့ တာဝန်များလည်း ရှိပါသည်။ ၎င်းတို့မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက် များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ ရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ်ထိ ခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း၊ အငြင်း ပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်း များဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်းတို့ဖြစ်ပါသည်။
စားသုံးသူများအနေဖြင့် မိမိတို့ရရှိမည့်အခွင့်အရေးကို သိရှိထားပြီဆိုလျှင် ကုန်စည်၊ ဝန်ဆောင်မှုများကိုအသုံးပြုသည့်အခါ အခွင့်အရေးချိုးဖောက်ခံရလျှင် မိမိတို့၏ အခွင့် အရေးကို တောင်းဆိုပိုင်ခွင့်ရှိပါသည်။
ဝန်ဆောင်မှုဟုဆိုရာ၌ ငွေကြေးဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ ကြော်ငြာဝန်ဆောင်မှု၊ ခရီးသွား/ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု၊ ဟိုတယ်ဝန်ဆောင်မှု၊ ပညာရေးဝန်ဆောင်မှု၊ ရောင်းချပြီး ပစ္စည်းအပေါ် အာမခံချက်ပေးနိုင်ခြင်း ဝန်ဆောင်မှု စသည်ဖြင့် ဝန်ဆောင်မှု အမျိုးမျိုးရှိပါသည်။ အဆိုပါကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာ၌ စီးပွားရေးလုပ်ငန်းရှင်မှ စားသုံးသူ အပေါ် အာမခံချက်ပေးထားမှုနှင့်ပတ်သက်၍ ပျက်ကွက်ခဲ့လျှင် စားသုံးသူများအနေဖြင့် အာမခံချက် ပေးထားမှုနှင့်ပတ်သက်၍ ပြန်လည်တောင်းဆိုနိုင်သည်ကိုလည်း သိရှိထားဖို့ လိုပါသည်။
ထို့ပြင်စားသုံးသူများအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် စားသုံးသူအခွင့်အရေး တစ်ရပ်ဖြစ်သော ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရှိပါသည်။
ဘယ်ကိုတိုင်ကြားရမလဲ၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူထိခိုက်နစ်နာဆုံး ရှုံးမှုများကို ဖြေရှင်းပေးလျှက်ရှိပါသည်။ ဘယ်လိုတိုင်ကြားရမလဲ၊ စားသုံးသူများအနေဖြင့် ၎င်းတို့ ထိခိုက်နစ်နာမှု အတွက် စားသုံးသူရေးရာ ဦးစီးဌာနသို့ တိုင်ကြားလိုလျှင် စာဖြင့်ဖြစ်စေ၊ လူကိုယ တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ DOCA website ကဖြစ်စေ၊ DOCA Application ဖြင့်ဖြစ်စေ၊ စားသုံး သူရေးရာဦးစီးဌာန၏ Facebook Page မှဖြစ်စေ၊ Call Center(၁၅၃၅)ကို ဖုန်းခေါ်ဆို၍ ဖြစ်စေ တိုင်ကြားနိုင်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၏ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသ ကြီး/ ပြည်နယ်/ ခရိုင်တို့တွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးဌာန (CICC) (၄၈)ခု ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။ သို့အတွက်ကြောင့် စားသုံးသူများအနေဖြင့် ကုန် စည်၊ ဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့် ထိခိုက်နစ်နာမှုများရှိခဲ့လျှင် မည်သည့်နေရာတွင် အရေးဆိုတိုင်ကြားရမည်ကို စိုးရိမ်ပူပန်ရန်မလိုတော့ပါ။ သို့ဖြစ်ပါ၍ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့်အညီ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ ကြုံတွေ့ရပါက ကုစားဖြေရှင်းပေးခြင်းများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
DOCA(မွန်)