Skip to main content

ဝဥ စိုက်ပျိုးဝင်ငွေတိုး

မိုးဦးကျကာလ ဇွန်လ မိုးပွင့်လေးများကျလာပြီးဆိုတာနဲ့ စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေတိုးစေတဲ့ Araceae (ခေါ်) ပိန်းမျိုးရင်းတစ်မျိုးဖြစ်တဲ့ “ဝဥ”ပင်များကို စီးပွားဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ “ဝဥ”အပင်များကို အပူပိုင်းဒေသများနှင့် အာဖရိကဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်ဖြစ်ထွန်းမှုရှိပြီး အအေးပိုင်း၊ တောင်ပေါ်ဒေသများတွင် စနစ်တကျ စိုက်ပျိုးဖြစ်ထွန်းမှုရှိသော အပင်တစ်မျိုးဖြစ်တယ်။ ချင်းပြည်နယ် တောင်တန်းဒေသများတွင် ပေါက်ရောက်မှုပိုများပြီး ဝင်ငွေကောင်းကာ ကျန်းမာရေးနှင့် သင့်တော်တဲ့ ဥအမျိုးအစားဖြစ်ပါသည်။ ချင်းပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ဝဥစိုက်ပျိုးမှုဧကအနေဖြင့် မတူပီမြို့တွင် (၂၆၀၀) ဧကနှင့် မင်းတပ်မြို့တွင် (၄၃၁၀)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

“ဝဥ”သည် အတွင်းအသားရောင်များအနေဖြင့် အဖြူရောင်၊ အဝါရောင်နှင့် အနီရောင်ဟူ၍ အရောင်အမျိုးမျိုး ရှိပါသည်။ “ဝဥ” အပင်သည် ရိုးတံရှည်ပြီး ချောမွတ်ကာ အဖြူကွက်လေးများနှင့် ရွက်ပြားကျယ်ပြန့်ပြီး အရွက်မျက်နှာပြင်ပေါ်တွင် ခွဆုံနေရာများတွင် မျိုးစေ့များထုတ်ပေးသော အပင်မျိုးနှင့် ပန်းခိုင်ထွက်ရှိကာ မျိုးစေ့ထုတ်ပေးသော အပင်ဟူ၍ ကွဲပြားမှုရှိပါသည်။ “ဝဥ” အဖြူမျိုးနှင့် အဝါမျိုးများသည် ချက်ချင်း ချက်ပြုတ်စားနိုင်ပြီး အနီမျိုးသည် ယားယံတတ်ကြောင်း သိရှိရပါသည်။

“ဝဥ” ပင်များကို ဇွန်လတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဇူလိုင်လတွင် အရွက်ဖားဖားနှင့် အပင်ဖြစ်ထွန်းတတ်ပြီး စက်တင်ဘာလခန့်တွင် ပင်စည်အရင်းဘက်မြေကြီးအတွင်း ဝဥများ ကြီးထွားလာကာ အောက်တိုဘာလပိုင်းတွင် အရွက်များပေါ်တွင် မျိုးဥသီးသည့် အဖြူမျိုးနှင့် ဖူးတံထွက်ကာ အသီးပန်းခိုင်သီးသည့် အဝါမျိုးများ ဖြစ်ပါသည်။ အရွက်များပေါ်မှ ထွက်ရှိသည့် မျိုးဥများကို စနစ်တကျ ခူးဆွတ်ကာ မျိုးဥများအဖြစ် ပြန်လည်ရောင်းချ ကြပါသည်။ “ဝဥ”အဝါရောင်မှ ထွက်လာသည့် ဖူးတံများတွင် နိုဝင်ဘာနှောင်းပိုင်းတွင် အသီးများရင့်ကာ နီရဲနေသောအသီးများ မြေပေါ်ကြွေကျကာ မိုးဦးကျကာလတွင် အပင်များ ပေါက်ရောက်တတ်ပြီး မျိုးစက်ပျံ့နှံ့လွယ်ပါသည်။ “ဝဥ” များတူးဖော်ရာတွင် ပင်စည်နှင့်အရွက်များ အဝါရောင်သန်းကာ အရွက်မျိုးညိုးကာ မြေပေါ်ညိုးခြောက်ချိန် နိုဝင်ဘာလနှောင်းပိုင်း ဒီဇင်ဘာလတွင် စတင်တူးဖော်နိုင်ပြီ ဖြစ်ပါသည်။ “ဝဥ” ပင်များသည် မြေမွကာ ရေမဝပ်စေရန် သတိပြုပြီးစိုက်ပျိုးရပါသည်။ အရိပ်ကြိုက်သော အပင် မျိုးဖြစ်သောလည်း အရိပ်ထူလျင် အလင်းရရှိသည့်ဘက်သို့ အပင်များ ယိုင်သွားတတ်ပါသည်။ “ဝဥ”အရွယ်အစား မတူညီကြဘဲ အကြီးဆုံးအရွယ်အစားများမှာ (၁) ပိဿာခန့်ရှိသော ဥများလည်း ရရှိတတ်ပါသည်။ ရရှိသော “ဝဥ”များကို တူးဖော်ပြီး အရိပ်ရပြီး လေသလပ်ရာတွင်ထားရှိရပါသည်။ “ဝဥ”အစိုးများကို အခြောက်လှမ်းရန်အတွက် ပါးပါးလှီးရပါသည်။ လှီးဖြတ်ရာတွင် လက်များ ယားယံတတ်သောကြောင့် လက်အိတ်ဆွတ်ကာ လှီးဖြတ်ရပါသည်။ “ဝဥ”များကို အပြားညီအောင် ပါးပါးလှီးပြီး နေခြောက်လှမ်းပေးရပါသည်။ နေခြောက်လှမ်းရာတွင် နှစ်ရက်ခန့် လှမ်းရပါတယ်။ “ဝဥ”အစို (၇)ပိဿာခန့် အခြောက်လှမ်းရာတွင် အခြောက် (၁)ပိဿာခန့်သာ ထွက်ရှိပါသည်။ “ဝဥ” ဈေးနှုန်းများအနေဖြင့် အစိုတစ်ပိဿာလျှင် ယခင်ပေါက်ဈေးနှုန်းများအနေဖြင့် (၁၀၀၀-၂၀၀၀) ကျပ်ရရှိသော်လည်း ယခုနှစ်တွင် (၅၀၀-၇၀၀)ကျပ်သာ ပေါက်ဈေးနှုန်းရရှိပြီး အခြောက်တစ်ပိဿာလျှင် ယခင်ဈေး (၉၀၀၀-၁၂၀၀၀)ကျပ်ရရှိသော်လည်း ယခုနှစ်တွင် (၅၀၀၀-၆၅၀၀)ကျပ် ပေါက်ဈေးနှုန်းများသာ ရရှိပါကြောင်း ဈေးကွက်များအတွင်းမှ လေ့လာသိရှိရပါသည်။

မျိုးစေ့ဈေးနှုန်းများအနေဖြင့် (၇၀၀-၁၀၀၀)ကျပ် ပေါက်ဈေးနှုန်းများသာ ရှိပါသည်။ ဈေးကွက်များအနေဖြင့် ပွဲစားများမှတဆင့် ရောင်းချရပြီး ချင်းပြည်နယ်မှထွက်ရှိသော “ဝဥ”များကို ပိုမိုကြိုက်နှစ်သက်ကြောင်း သိရှိရပါသည်။ ယခင်က တောတောင်များအတွင်း သဘာဝပေါက်ပင်များသာရှိပြီး ယခုအခါတွင် စိုက်ပျိုးရလွယ်ကူပြီး နိုင်ငံခြားဝင်ငွေ တိုးစေသည့်အပင် ဖြစ်သောကြောင့် မိမိ၏အိမ်ဝန်းများအတွင်းတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုများ ပိုမိုများလာကြပြီ ဖြစ်ပါသည်။

“ဝဥ” စိုက်ပျိုးရာတွင် ပန်းခိုင်မှရရှိသော မျိုးဥများကိုလည်းကောင်း၊ မြေအောက်ရှိ ဥပွားများကို ခွဲယူ၍ လည်းကောင်း၊ တစ်ပိဿာခန့်ရှိသော ဥများကို ခွဲခြမ်း၍ လည်းကောင်း၊ အရွက်မှသီးသော မျိုးဥသီးများကို လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။

“ဝဥ” စားသုံးခြင်းအား ကျန်းမာရေးရှု့ထောင်မှ ကြည့်ရှုမည်ဆိုပါက အမျှင်ဓါတ်ပါဝင်မှု များသောကြောင့် အစောခြေဖျက်မှုအားကောင်းခြင်း၊ ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါသည်။ မျက်စိကျန်းမာရေးကို အထောက်အကူပြုကာ ဆီးချိုရောဂါသည်များ အနေဖြင့်လည်း စားသုံးနိုင်ပြီး သွေးလည်ပတ်မှုကောင်းမွန်စေပါသည်။ အရေပြားချောမွတ်စေကာ ကိုယ်အလေးချိန် လျော့ကျစေသည့်အပြင် အမျိုးသမီးများ ဓမ္မတာလာစဉ် ခံစားရတတ်သည့် ဝေဒနာများကို လျော့ကျစေသည့်အတွက် စားသုံးရန်သင့်တော်ပြီး ကျန်းမာရေး ကောင်းကျိုးများကိုသာ ရရှိသည့် ဆေးဘက်ဝင် အပင်တစ်မျိုး ဖြစ်ပါသည်။

“ဝဥ”သည် စားသောက်ကုန်များ၊ စက်မှုကုန်ကြမ်းများ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးထုတ်လုပ်ရာတွင် လည်းကောင်း တိရိစ္ဆာန်အစာအဖြစ်လည်းကောင်း အသုံးပြုကြပြီး မုန့်ပဲသားရည်စာများဖြစ်သည့် ဂျယ်လီများ၊ ခေါက်ဆွဲများအဖြစ်လည်း ထုတ်လုပ်ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ ဆေးဆိုးပန်းရိုက်လုပ်ငန်းများ၊ မျက်နှာပေါင်းတင်ဆေးများ၊ ဆီးချိုရောဂါ ကုသဆေးများ၊ ဝမ်းရောဂါဆေးများ၊ သွေးတိုးရောဂါကုဆေးဝါးများ ထုတ်လုပ်ရာတွင်လည်း ပါဝင်ပစ္စည်းများအဖြစ် အသုံးဝင်သော အပင်မျိုး ဖြစ်ပါသည်။ ချင်းပြည်နယ် မင်းတပ်မြို့၊ ထင်းချောင်းအနီးတွင် ချင်းပြည်နယ်၏ အကြီးမားဆုံးသော “ဝဥ” အခြောက်ခံစက် စက်ရုံကြီးကို ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။ မင်းတပ်မြို့၊ မတူပီမြို့နှင့် ကန်ပက်လက်မြို့များတွင် ဝဥစိုက်ပျိုးတောင်သူ (၈၀၀)ကျော်ရှိပြီး အသင်းအဖွဲ့များ ဖွဲ့စည်းထားရှိသည်ကိုလည်း လေ့လာသိရှိရပါသည်။

“ဝဥ” များ တင်ပို့ရောင်းချမည်ဆိုပါက အခွန်ကင်းလွတ်ခွင့် ပြုထားခြင်းမှာ အားသာချက်တစ်ခုဖြစ်ပြီး ရောင်းချရာတွင်လည်း ရောင်းလိုသူများအနေဖြင့် လိုက်လံရောင်းချရခြင်းမျိုးမဟုတ်ဘဲ ဝယ်ယူသူများက အိမ်တိုင်ရာအရောက် ဝယ်ယူကြသဖြင့် မျက်နှာပန်းလှလှ ရောင်းပန်းဝင်သည့် အပင်မျိုးဖြစ်ပါသည်။ “ဝဥ”ပင်သည် စိုက်ပျိုးချိန်မှ တူးဖော်ရသည့်အချိန်ထိ (၆)လခန့်သာ ကြာမြင့်ပြီး ကာလတိုအပင်မျိုး ဖြစ်သောကြောင့် မိသားစုအပိုဝင်ငွေအနေဖြင့် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုသည့် အပင်ဖြစ်ခြင်းကြောင့် စနစ်တကျစိုက်ပျိုးလျင် အကျိုးဖြစ်ထွန်းမှု ပိုမိုများပြားကာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ပျိုးနိုင်ပါက ပိုမိုသင့်တော်သောကြောင့် “ဝဥ” စိုက်ပျိုးဝင်ငွေတိုးဆိုသည့် အမည်နှင့်လိုက်ဖက်အောင် ဝင်ငွေရရှိသော အပင်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)