Skip to main content

ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာ၏ ဒေသထွက်ကုန် ဂျုံရိုးဦးထုပ်အကြောင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်သည် စိုက်ပျိုးမြေ (၂၅၂၇၅၉)ဧကရှိပြီး စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်သော မြို့နယ်တစ်ခုဖြစ်ပါသည်။ အဆိုပါ ဝက်လက်မြို့နယ်အတွင်းရှိ ပင်းဇင်းကျေးရွာတွင် အိမ်ခြေ (၅၇၆)အိမ်၊ လူဦးရေ (၂၆၀၆)ယောက်၊ အိမ်ထောင်စု (၆၂၀) ရှိပြီး ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ အခြေခံပညာအလယ်တန်း(၁)ကျောင်းနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲရှိ၍ ပညာရေး၊ ဘာသာရေး၊ ကျန်းမာရေးထွန်းကားသော ရွာလေးတစ်ရွာဖြစ်ပါသည်။

၎င်းပင်းဇင်းရွာလေးသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး အပူပိုင်းဒေသလည်းဖြစ်သဖြင့် တောင်သူဦးကြီးများ၊ ကောက်စိုက်သမများနှင့် အခြားသောလုပ်သားများသည် ပေါ့ပါး၍ အပူဒဏ်ခံနိုင်ပြီး အကြမ်းလည်းခံသည့် ဦးထုပ်များကို ဝယ်ယူသုံးစွဲကြရာ ဝက်လက်မြို့နယ် ပင်းဇင်းကျေးရွာတွင် ရက်လုပ်ရောင်းချသည့် ဂျုံရိုးဦးထုပ်များသည်လည်း အပါအဝင်ဖြစ်သည့်အပြင် အများဆုံးအသုံးပြုကြ၍ လူသိများပြီး ဈေးကွက်တွင်နာမည်ကြီးလှပါသည်။

ပင်းဇင်းကျေးရွာတွင် မိရိုးဖလာလုပ်ငန်းဖြစ်သည့် လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ဂျုံရိုးဦးထုပ်ထိုးသည့် လုပ်ငန်းကို မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ကလေး၊ လူကြီးပါမကျန် ဂျုံရိုးကိုရေစိုဝတ်နှင့်ပတ်ပြီး ချိုင်းကြားမှာညှပ်ကာ အိမ်အလည်သွားရင်း၊ စကားပြောရင်း၊ လမ်းလျှောက်ရင်း ဂျုံရိုးထိုးကြပါသည်။

ကုန်ကြမ်းရရှိမှုအခြေအနေ

ဂျုံရိုးဦးထုပ်ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် ဂျုံရိုးကိုအဓိကအသုံးပြုရပြီး ပင်းဇင်းကျေးရွာတွင် ဂျုံစိုက်ပျိုးခြင်းမရှိသော်လည်း ဝက်လက်မြိုနယ်မြင်တော်ရွာ၊ စွယ်ကွေ့ရွာ၊ သရက်ချိုရွာ၊ ကျောက်ကုန်း ရွာနှင့် စစ်ကိုင်းမြို့နယ်သာဇဉ်ရွာ၊ ဆွမ်းချက်ရွာများတွင်သွားရောက်၍ ဝယ်ယူထားရပါသည်။ တပေါင်းလတွင် ဂျုံစတင်ပေါ်ပြီး ယခင်နှစ်က ဂျုံရိုးအခြောက်(၁)ပိဿာလျှင် (၆၀၀ဝိ/)မှ (၇၀၀ဝိ/-)ပေးဝယ်ရကြောင်း သိရှိရပါသည်။ ဂျုံရိုးခြောက်ကိုကြက်ဖတံဆိပ် ပီနံအိတ်ကြီးများထဲတွင်ထည့်၍ ချုပ်ရပြီး မိုးလုံ/လေလုံအောင် သိမ်းဆည်းထားရကြောင်းနှင့် ကုန်ကြမ်းပစ္စည်းကို (၁)နှစ်၊ (၂)နှစ် စာကြို၍ ဝယ်ယူသိုလှောင်ထားကြကြောင်း သိရပါသည်။

ဂျုံရိုးဦးထုပ်ပြုလုပ်ပုံအဆင့်ဆင့်

ဂျုံရိုးဦးထုပ်ပြုလုပ်ရာတွင် ဂျုံရိုးကိုကျစ်လစ်အောင် ရေဆွတ်ကျစ်ရပြီး(၇)ပင်၊ (၈)ပင်၊ (၉)ပင် စသည်ဖြင့် အမျိုးမျိုးကျစ်ကြပါသည်။ ဂျုံရိုးဦးထုပ် (၁)လုံးရရန်ကျစ်ပြီးသား ဂျုံရိုးအတောင်ရေ (၄၅)တောင်ရအောင်ထိုးရပါသည်။ ဂျုံရိုး(၁) ပိဿာထိုးလျှင် ဦးထုပ် (၁၂)လုံးရကြောင်း သိရှိရပါသည်။ ဂျုံရိုးဦးထုပ် (၁)လုံးထိုးလျှင် ဂျုံရိုးထိုးခ (၅၀ဝိ/-)ရကြောင်း၊ တစ်ယောက်လျှင် တစ်ရက်ကို(၂)လုံး ကျော်ထိုးနိုင်ပြီး သွက်သွက်လက်လက်ထိုးနိုင်ပါက (၃)လုံးထိ ထိုးနိုင်ကြောင်းသိရှိရပါသည်။ ရရှိလာသော ဂျုံကြိုးခွေများကို တာရှည်ခံပြီး နူးညံ့ပျော့ပျောင်းလာစေရန် တရုတ်နိုင်ငံထုတ် ချွတ်ဆေးရည်နှင့် အချိန် (၂၄)နာရီကြာအောင်စဉ့်အိုးထဲတွင် စိမ်ထားရပြီး အပ်ချုပ်ကောင်းအောင် နေရောင်တွင် နေဖန့်ရုံပြရပါသည်။ ထိုးပြီးသာဂျုံရိုးများကို ဒလိမ့်တုန်းနှင်လှိမ့်ပါက ပိုမိုကျစ်လစ် သေသပ်လှပသော ဂျုံကြိုးခွေများရရှိပါသည်။ ဒလိမ့်တုန်းနှင့်လှိမ့်ပြီးပါက ဦးထုပ်ရရန်စက်ဖြင့် ချုပ်ရကြောင်း၊ အပ်ချုပ်ဆရာ၏ လက်ပေါ်မူတည်ပြီး အရွယ်အစား၊ ဒီဇိုင်းများသည် ပုံစံအမျိုးမျိုးရကြောင်း သိရှိရပါသည်။ ပင်းဇင်းကျေးရွာတွင် ဦးထုပ်ချုပ်သည့် စက်ချုပ်ဆိုင်(၁၀)လုံးရှိပြီး ၎င်းစက်ချုပ်ဆိုင်များမှ ဂျုံရိုးဦးထုပ် ဒိုင်အဖြစ်လုပ်ကိုင်ကြပြီး ဂျုံရိုးထိုးသူများအနေဖြင့် ဒိုင်ထံမှ ဂျုံရိုးများကိုလက်ခယူထိုးကြပါသည်။ တစ်ရက်လျှင် စက်ချုပ်ဆိုင်(၁)လုံးမှာ အလုံးရေ(၆၀)ကျော်ချုပ်နိုင်ကြောင်း၊ ပင်းဇင်းတစ်ရွာလုံးအနေဖြင့် ခြုံငုံကြည့်ပါက ပျမ်းမျှ တစ်ရက်လျှင် ဦးထုပ် အလုံးရေ (၆၀၀ ကျော်မှ ၉၀၀)ခန့်ထိ ချုပ်နိုင်ကြောင်း သိရှိရပါသည်။ ဦးထုပ်တစ်လုံးလျှင် ခွေလှိမ့်ခ (၃၀၀)နှင့် စက်ချုပ်ခ(၅၀၀)ထိဈေးနှုန်းရှိကြောင်း၊ ဂျုံရိုးဖြင့်ဦးထုပ်အပြင် ရေနွေးဓါတ်ဘူးအစွပ်များ၊ အခင်းများပြုလုပ် ရောင်းချကြကြောင်း သိရှိရပါသည်။

ဈေးနှုန်းဈေးကွက်အခြေအနေနှင့်တွက်ခြေကိုက်ညီမှု

ဂျုံရိုးဦးထုပ်များကို မန္တလေးနှင့် ရွှေဘိုမြို့များသို့ အဓိကထားပို့ရပြီး အခြားမြို့များသို့လည်း အလုံးရေပေါင်းများစွာ တင်ပို့ရောင်းချရပါသည်။ ပြန်လည်ရောင်းချသည့်ဆိုင်များသို့ လက်ကားရောင်းဈေးမှာ တစ်လုံးလျှင်(၂၀၀ဝိ/-)နှင့်(၂၁၀ဝိ/-)ရှိပြီး အိမ်သို့လာရောက်ဝယ်ယူပါက တစ်လုံး လျှင် လက်လီရောင်းဈေးမှာ ၂၅၀ဝိ/- ရကြောင်းသိရှိရပါသည်။ စက်ချုပ်ဆိုင်ရှိသည့် ဂျုံရိုးဦးထုပ်ဒိုင်တစ်ဦးအနေဖြင့် တစ်ရက်လျှင် ဦးထုပ်အလုံးရေ (၆၀)ချုပ်နိုင်ပါက တစ်ရက်လျှင် လက်ကားအကျိုးအမြတ် (၇၀၀ဝိ/-)မှ (၁၃၀၀ဝိ/-)ထိရှိပြီး လက်လီအကျိုးအမြတ် (၁၉၀၀ဝိ/-)ရှိကြောင်း သိရှိရပါသည်။

အကျိုးကျေးဇူး

ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာရှိ မိရိုးဖလာလုပ်ငန်းစုတစ်ခုဖြစ်သည့် ဂျုံရိုးဦးထုပ် ရက်လုပ်ရောင်းချခြင်းလုပ်ငန်းသည် ဂျုံရိုးချုပ်သည့်ဒိုင်များသာမက ဂျုံရိုးထိုးသည့် လုပ်သားများ၊ လက်လီ၊ လက်ကားရောင်းချသူများလည်း မိသားစုဝင်ငွေရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိ၍  စားဝတ်နေရေးအတွက်တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည့်အပြင် ဂျုံရိုးဦးထုပ်ဆောင်းခြင်းဖြင့် နေပူဒဏ်ခံနိုင်ခြင်း၊ ပေါ့ပါးခြင်း၊ အေးမြခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)