Skip to main content

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့်ပတ်သက်ပြီး လုပ်ငန်းကော်မတီအနေဖြင့် အခြေခံအဆောက်အအုံများ အကောင်အထည် ဖော်ရမည်

နေပြည်တော် ဇူလိုင် ၂၆

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁)၌ ကျင်းပသည့် လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

လျှပ်စစ်သုံးယာဉ်များပြေးဆွဲအသုံးပြုရေး

ညှိနှိုင်းအစည်းအဝေးတွင် လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ယနေ့ကမ္ဘာကြီးတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာမှုကြောင့် ကမ္ဘာကြီးပူနွေးလာခြင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများပြားလာခြင်း၊ လေထု/ရေထု ညစ်ညမ်းမှု မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာ့လူမှုစီးပွားရေး ကျဆင်းလာမှုတို့ကို ကုစားရန်အတွက် ဇီဝလောင်စာသုံးစွဲမှုကို လျှော့ချအစားထိုးနိုင်ရန် ကမ္ဘာအနှံ့အပြားတွင် လျှပ်စစ်အသုံးပြုမောင်းနှင်သည့်ယာဉ်များ ထုတ်လုပ်သုံးစွဲလာကြပြီဖြစ်ကြောင်း၊ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့်ပတ်သက်ပြီး လုပ်ငန်းကော်မတီအနေဖြင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ၏ တာဝန်(၅)ရပ် တွင်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် မူဝါဒများ၊ လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ရည်မှန်းချက်ပြီးမြောက်ရေး ပေါင်းစပ်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ Charging Station၊Car Parking၊ ဈေးဝယ်စင်တာ၊ အဝေးပြေးလမ်းမများတွင် အလွယ်တကူအားသွင်းနိုင်မည့် အခြေခံအဆောက်အအုံများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းကော်မတီအနေဖြင့် ယာဉ်မောင်းသူများနှင့် ယာဉ်စီးနင်းသူများ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတိပြုရန်အချက်များကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အခြားသောလုပ်ငန်းကော်မတီများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် ဝန်ကြီးဌာနအသီးသီးမှလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် မေတ္တာရပ်ခံကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့က လုပ်ငန်းတာဝန်(၅)ရပ်ပါ လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

ဆွေးနွေး

ဆက်လက်၍ လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ရန်ကုန်၊ မန္တလေး စည်ပင်သာယာရေးကော်မတီမှ မြို့တော်ဝန်နှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က မြို့တော်များ၏ အနာဂတ်မြို့ပြစီမံကိန်းများ ရေးဆွဲရာတွင် လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးအတွက် လိုအပ်သည့် လျှပ်စစ်နှင့် မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံများ ထည့်သွင်းစဉ်းစားစီမံဆောင်ရွက်သွားမည့် အခြေအနေများကို သုံးသပ်ဆွေးနွေးကြပြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြသည်။

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီ၏ တာဝန်(၅)ရပ်ကို ဆောင်ရွက်မည့် မူဝါဒချမှတ်ပြီး လုပ်ငန်းစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်