ရန်ကုန် ဇူလိုင် ၂၆
ပို့ကုန်၊ သွင်းကုန်အဆင်ပြေချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်မှုဖြင့် ကုန်သေတ္တာဆိပ်ကမ်း၊ သင်္ဘောလိုင်းများနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လတွင် ကုန်သေတ္တာ တင်သင်္ဘော ၄၉ စင်း ဆိုက်ကပ်ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
ပို့ကုန်၊ သွင်းကုန်ကဏ္ဍ
ရေကြောင်းကုန်သွယ်မှုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ၊ အထည်အလိပ်ကုန်ချောပစ္စည်းများနှင့် အခြားထွက်ကုန်များကို ရန်ကုန်ဆိပ်ကမ်းရှိ ဆိပ်ကမ်းငါးခုနှင့် သီလဝါဆိပ်ကမ်းရှိ ဆိပ်ကမ်းနှစ်ခုတို့မှ ကုန်စည်စီးဆင်းလျက်ရှိသည်။ ရေကြောင်းဖြင့် ကုန်စည် စီးဆင်းရာတွင် ဆိပ်ကမ်းများ၌ ပို့ကုန်နှင့်သွင်းကုန်ကဏ္ဍနှစ်ရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ပို့ကုန်ကဏ္ဍတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လိုအပ်သော အထောက်အထား စာရွက်စာတမ်းဖြင့် ဝင်ရောက်ခွင့်ပြု၍ အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေးပြီးနောက် ကုန်ပစ္စည်းတင်ပို့မှုကို ဆောင်ရွက်သည်။ သွင်းကုန်ကဏ္ဍတွင် ကုန်သင်္ဘောမှချသော ကွန်တိန်နာကုန်သေတ္တာများအား ယာယီစုပုံရာနေရာတွင် လုပ်ငန်းရှင်များကိုယ်တိုင် စာရွက်စာတမ်းဖြင့် အခွန်အခပေးဆောင်ပြီး ကုန်သေတ္တာထုတ်ယူလျက်ရှိသည်။
ကမ္ဘာ့ကုန်သွယ်မှု၌ ရေကြောင်းကုန်သွယ်မှုမှာ အခြားသောကုန်စည်ပို့ဆောင်မှုတို့ထက် ကုန်ကျစရိတ် သက်သာသောကုန်သွယ်မှုတစ်ခုအဖြစ် ကမ္ဘာ့ကပ်ရောဂါ ဖြတ်သန်းနေချိန်တွင် ပိုမိုအကျိုးပြုလာလျက်ရှိရာ နိုင်ငံတော်မှ ပို့ကုန်နှင့်သွင်းကုန်ကဏ္ဍ အရှိန်အဟုန်မပြတ်စေရန် ပံ့ပိုးဆောင်ရွက်မှုဖြင့် ကွန်တိန်နာသင်္ဘောလုပ်ငန်းများ၊ ရေကြောင်းကုန်သွယ်မှု ဆက်စပ်လုပ်ငန်းများ စိုက်ပျိုးရေးနှင့်မွေးမြူရေး သွင်းကုန်/ထုတ်ကုန်လုပ်ငန်းများနှင့် စက်မှုဇုန်များ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့လျက်ရှိကြောင်း သိရသည်။
သတင်း - ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး