နေပြည်တော် ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ငွေကျပ်၁ ဒသမ ၉၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၀ ရက် နံနက် ၁ နာရီခွဲ တွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရမည်းသင်း-ရွှေမြင်တင်သွားကားလမ်း သင်ပန်းကုန်းလမ်းဆုံတွင် ရွှေမြင်တင်မှ ရမည်းသင်းဘက်သို့ အောင်မျိုးထက် (ခ)ငယ်ငယ် မောင်းနှင်ပြီး ရာဇာစိုး (ခ)စိုးငယ် လိုက်ပါလာသည့် ဒိုင်နာမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၇၇ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ နံနက် ၄ နာရီခွဲတွင် ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်ကြီး ရွှေပြည်သာရပ်ရှိ တည်းခိုခန်းတွင် ဘိန်းဖြူများ တာဝန်ခံသယ်ဆောင်သူများဖြစ်ကြသည့် ဇော်ဦး၊ ခွန်ထွန်းလင်းနှင့်အတူ ဖမ်းဆီးရမိဘိန်းဖြူများ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများ ဖြစ်ကြသည့် မောင်ငြိမ်း၊ ကိုလေး(ခ)သန့်ဇော်ထွန်း၊ အိုက်အွမ်၊ သိန်းလင်းမောင် (ခ)ဒိုဇာ၊ ထွန်းထွန်းဦး(ခ)ကြီးဘ၊ ကျော်သူတို့ရှစ်ဦးကိုဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ ဟိုက်ဂျက် မော်တော်ယာဉ်တစ်စီး၊ SURF မော်တော်ယာဉ်တစ်စီး၊ 4 WHEEL DOUBLE CAB မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများကို ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်