နေပြည်တော် ဇူလိုင် ၂၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပြင်ဦးလွင်ကားလမ်း မိုင်တိုင်(၂၀) (၅)ဖာလုံခန့်တွင် ကုန်တင်ယာဉ်တစ်စီးပေါ်၌ တင်သွင်းခွင့်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှင့် မော်တော်ယာဉ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃၇၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် နောက်တွဲယာဉ် (Semi Trailer)ပါကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၃၇၂၀၀၀)ကို ဖမ်းဆီးရမိပြီး ပင်လယ်ရေကြောင်းအကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၂၄ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ချောက်မြို့နယ်အတွင်း တရားမဝင်ရေနံစိမ်း ဂါလန် ၈၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၄၂၁၁၀) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ သရက်ခရိုင် ကံမမြို့နယ် ပုသိမ်-မုံရွာ ကားလမ်းမိုင်တိုင်အမှတ် ၁၆၀/၆ အရှေ့ဘက်၌ တရားမဝင်သစ်မျိုးစုံ (၁ ဒသမ ၈၀၀၄)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၁၈၃၁၂)ကို သစ်တောဥပဒေအရ လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၆၀၄၂၂) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။
ယင်းအပြင် ဇူလိုင် ၂၆ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မောင်တောမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များအတွင်း တရားမဝင် သစ်မျိုးစုံ (၃၅ ဒသမ ၉၅၅၈)တန်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉၉၂၆၁၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင်သစ်မျိုးစုံ (၇ ဒသမ ၇၃၇၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၃၅၄၉၂)ကို သစ်တောဥပဒေအရလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ပဲခူးမြို့နယ်အတွင်း Nissan Fairlady -350Z အမျိုးအစား လိုင်စင်မဲ့ ပြိုင်ကားတစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၄၃၅၄၉၂)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်၍ ဇူလိုင် ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၂၆၀၅၂၈) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်