Skip to main content

မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ပထမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၆

မြန်မာနိုင်ငံဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေး (၁/၂၀၂၂-၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဇူလိုင် ၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၈/ ၂၀၂၂) ဖြင့်ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ကျစေရေး၊ ပြည်တွင်း စားသုံးဆီ ဖူလုံစေရေးတို့အတွက် နေကြာအပါအဝင် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် ဆီထွက်သီးနှံများကို အရည်အသွေးကောင်း စားသုံးဆီများ ထုတ်လုပ်ရန် အဆင့်မီ ဆီစက်များလိုအပ်နေရာ လက်ရှိဆီစက်များကို အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မီဆီစက်အသစ်များ ထပ်မံတိုးချဲ့တည်ဆောက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များ အသင်းအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် Data များ ပြုစုပေးရန် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်ဘဏ်များသာမက ပုဂ္ဂလိကဘဏ်များနှင့် အခြားငွေရေးကြေးရေး အဖွဲ့အစည်းများကပါ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် အမြဲမပြတ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးတို့က ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးရန်အတွက် စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဆီစက်များ၏ လက်ရှိ အခြေအနေနှင့်ပတ်သက်၍ တင်ပြဆွေးနွေးရာ အဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်