Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တောင်ကြီး MRTV ထပ်ဆင့်လွှင့်စက်ရုံနှင့် ညောင်ရွှေမြို့ ပြန်/ဆက်ရုံးတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ MRTV ထပ်ဆင့်လွှင့်စက်ရုံနှင့် ညောင်ရွှေမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတို့ကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ တောင်ကြီးမြို့ရှိ ထပ်ဆင့်လွှင့်စက်ရုံ၌ MRTV တောင်ကြီးဇုန်နယ်မှူးနှင့် တောင်ကြီးထပ်ဆင့်လွှင့်စက်ရုံမှူးတို့က စက်ရုံနှင့်တာဝါတိုင်များ ကြံ့ခိုင်မှု၊ စက်ပစ္စည်းများ တပ်ဆင်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းများ ရေရှည်အသုံးပြုနိုင်ရန်အတွက် သတ်မှတ်ချက်နှင့်အညီ ကြံ့ခိုင်မှုပြုလုပ်ရေး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် ကယားပြည်နယ်အတွင်းရှိ Anal-ogue စနစ်ဖြင့် တစ်လိုင်းတည်းထုတ်လွှင့်နေသော ရုပ်သံထပ်ဆင့်လွှင့်စက်ရုံများတွင် DVB-T2 စနစ်ဖြင့် ပြောင်းလဲတပ်ဆင်ထုတ်လွှင့်ပေးနိုင်ရန် ကန့်သတ်ချက်ရှိပါက DTH စနစ်ဖြင့်ကြည့်ရှုနိုင်ရေး တင်ပြဆောင်ရွက်ရန် မှာကြားသည်။

ထောက်ပံ့ငွေများပေးအပ်

ထို့နောက် ထပ်ဆင့်လွှင့်စက်ရုံအတွင်း ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ထောက်ပံ့ငွေများပေးအပ်သည်။

ယင်းနောက် ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး၌ ရုံးအတွင်း ခင်းကျင်းပြသထားသည့် ပြတိုက်ငယ်နှင့် နံရံကပ်စာစောင်များကိုလည်းကောင်း၊ ကလေးစာဖတ်ခန်းနှင့် စာကြည့်တိုက်လုပ်ငန်းအား e-library စနစ် ပြောင်းလဲကျင့်သုံးနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက ညောင်ရွှေမြို့သည် ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်သော မြို့တစ်မြို့ ဖြစ်သဖြင့် မိမိတို့တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်သည့် ရိုးရာယဉ်ကျေးမှုအမွေအနှစ် များကို ဖော်ထုတ်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်သင့်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများကို ခရိုင်နှင့် မြို့နယ်တိုင်းတွင် ဖွင့်လှစ်ပေးထားပြီးဖြစ်၍ မိမိတို့၏ရုံးများ၊ စာကြည့်တိုက်များတွင် လူငယ်များနှင့်ပတ်သက်သည့် အစီအစဉ်များ၊ လှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်၍ လူငယ်များအခြေပြုရာ နေရာဌာနတစ်ခုဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း။

လစဉ်ထောက်ပံ့ပေးတော့မည်

စာကြည့်တိုက်တွင် လူငယ်များဖတ်ရှုလိုသည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတရရှိနိုင်သည့် စာအုပ်စာစောင်များကို ဦးစားပေးထားရှိပေးစေလိုကြောင်း၊ နိုင်ငံတော်အစိုးရက နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ငှားစရိတ်ခံစားခွင့်များကို လစဉ် ထောက်ပံ့ပေးတော့မည်ဖြစ်သဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏အကျိုးကို ပိုမိုဖော်ဆောင်ကြိုးပမ်းကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက အချင်းချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးကာ အဖြေရှာဆောင်ရွက်ရန်နှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ဆောင်ကြရန် ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

သတင်းစဉ်