နေပြည်တော် ဇူလိုင် ၂၆
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်မှ PDF အဖွဲ့ဝင်များအား ၎င်း၏မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့တွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ်ကျင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်အောင်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တပ်နယ်မှူးနှင့် တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စဉ့်ကူးမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။