နေပြည်တော် ဇူလိုင် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားနိုင်ငံခရီးစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်အဖွဲ့အစည်းအချို့နှင့် ပြည်ဖျက်မီဒီယာအချို့တို့က လုပ်ကြံဖန်တီးထားသည့် ပျူစောထီးဟူသည့် အခေါ်အဝေါ်၊ တိုင်းရင်းသားလက်နက်ကိုင်ဆိုင်ရာကိစ္စရပ်များ၊ ပညာရေး ဆိုင်ရာကိစ္စရပ်များနှင့် ဆက်စပ်မှုများကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ ဇူလိုင် ၁၀ ရက်မှ ၁၆ ရက်အထိ ရုရှားဖက်ဒရေးရှင်နိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်နှင့် ပတ်သက်သည်များ၊ ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးအတွက် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့မှုများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်နှင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာချက်များအပေါ် မဟုတ်မမှန် ကောလာဟလ ဝေဖန်ချက်များ၊ နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း (အမြဲတမ်းဝန်ထမ်းများကို အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျိုဖြစ်ပါက ၄ ရာခိုင်နှုန်း)ကို ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် ကျပ် ၁၀၀၀၀ ကို လစဉ်ထောက်ပံ့ ပေးသွားမည့်အစီအစဉ်များ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား အတိုးနှုန်းသက်သာသည့် ချေးငွေများထုတ်ချေးပေးသွားမည့် အစီအစဉ်များ။
ပြည်ဖျက်မီဒီယာအချို့နှင့် အကြမ်းဖက်အဖွဲ့များ လုပ်ကြံဖန်တီးထားသည့် ပျူစောထီးဟူသည့် အသုံးအနှုန်းအကြောင်း၊ ပျူစောထီးဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အစိုးရအနေဖြင့်ရော တပ်မတော်အနေဖြင့်ပါ ဖဆပလ ကဲ့သို့ ဒီမိုကရေစီ အရေခြုံအာဏာရှင်စနစ်ထူထောင်ရန် ခါးပိုက်ဆောင်တပ် ပျူစောထီးကို ဖွဲ့စည်းခဲ့ခြင်းမရှိဘဲ တပ်မတော်အနေဖြင့် တည်ဆဲဥပဒေများအရ ဒေသခံပြည်သူလူထုက ၎င်းတို့၏ ကျေးရွာ၊ ရပ်ကွက်များလုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခွင့် တင်ပြလာပါက ဖွဲ့စည်းခွင့်စိစစ်ခြင်း၊ ဖွဲ့စည်းခွင့်ပြုခြင်း၊ လိုအပ်သည့်လက်နက် တပ်ဆင်ပေးခြင်း၊ စစ်မြေပြင်စည်းကမ်းနှင့် စစ်သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းချက်၏ ရလဒ်အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့၊ စုစုပေါင်း ၉ ဖွဲ့က နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆိုပါအဖွဲ့များနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်များ၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း တွေ့ဆုံဆွေးနွေးရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိ သည်များ။
တပ်မတော်နှင့် AA အဖွဲ့တို့အကြား ၂၀၂၀ ပြည့်နှစ်မှစ၍ ပစ်ခတ်တိုက်ခိုက်မှု လုံးဝနီးပါးမရှိခဲ့ဘဲ ငြိမ်းချမ်းရေးတစ်စိတ်တစ်ပိုင်း တည်ဆောက်နိုင်ခဲ့သော်လည်း AA အဖွဲ့အနေဖြင့် ပြီးခဲ့သည့် လအချို့မှစတင်၍ အပြစ်မဲ့ပြည်သူတစ်ချို့ကို ဖမ်းဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဖမ်းဆီးခြင်းများ စတင်လုပ်ဆောင်လာခဲ့ပြီး တစ်ချိန်တည်းတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုကိုမလိုလားသော ပြည်ဖျက်အချို့ကလည်း သတင်းတု၊ သတင်းမှားများဖြင့် တစ်ဖက်နှင့်တစ်ဖက် အထင်အမြင်လွဲမှားစေရန်နှင့် သံသယစိတ်များဖြင့် စစ်မီးတောက်စေရန် တွန်းပို့ခဲ့ကြသည့် ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ KNU အဖွဲ့ အတွင်း ကွဲလွဲမှုအချို့ဖြစ်ပေါ်နေပြီးငြိမ်းချမ်းစေလိုသည့်စိတ်ရှိသူများနှင့် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းလိုသူများလည်း ရှိသည်ဖြစ်ရာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်သူများအား လာရောက်ဆွေးနွေးနိုင်ရန် တံခါးဖွင့်ထားလျက်ရှိသည်များ၊ NUG အမည်ခံအကြမ်းဖက်အဖွဲ့က ထူထောင်ထားသည့် တရားမဝင်ပညာရေးကျောင်းဖြစ်သော Kaung for You Online ပညာရေးဆိုင်ရာကိစ္စရပ်များနှင့် ဆက်စပ်မှုများကို video ဖိုင်များ၊ PowerPoint Presentation များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများအား စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို Power Point Presentation ဖြင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေးအတွက် သတင်းစာရှင်းလင်းပွဲဆိုင်ရာ အချက်အလက်များနှင့် ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။