Skip to main content

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်း‌ဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၆

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိစေရေးအတွက် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုသာမက သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများသည် စီးပွားရေးနှင့် လူမှုဘဝတိုးတက်မြင့်မားရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့်အတူ ပါရီသဘောတူညီချက်အရ နိုင်ငံအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွင်ပါဝင်သည့် ကဏ္ဍအလိုက် ရည်မှန်းချက်များအား အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊

ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် မြို့နယ်အဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ပတ်ဝန်းကျင်အရည်အသွေးထိန်းချုပ်ရေးကို တစ်ပါတည်း လက်တွေ့ကျင့်သုံးဆောင်ရွက်သွားနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်မှုကော်မတီများက ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီအတွင်းရေးမှုးတို့က ကဏ္ဍအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသောသူများက ကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)