Skip to main content

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) မိဘပြည်သူများသို့ အသိပေးပန်ကြားခြင်း

မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများတွင် အငြိမ်းစားလစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်းဦးရေ (၇)သိန်းကျော်ရှိပြီး အငြိမ်းစားလစာများကို လစဉ် ၂၁ ရက်နေ့မှစ၍ ထုတ်ယူလျက်ရှိကြသည်။

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားလစာထုတ်ယူမှု အဆင်ပြေချောမွေ့စေရေးအတွက် e-pension စနစ်ကို ၂၀၁၂ ခုနှစ်မှ စတင်အသုံးပြုဆောင်ရွက်ပေးလျက်ရှိသည်။

အငြိမ်းစားလစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ငွေစာရင်းမှထုတ်ယူခြင်း၊ ATM စာရင်းဖွင့်လှစ်၍ ATM စက်များမှ ငွေထုတ်ယူခြင်း၊ Myanmar Mobile Money (MMM) စနစ်နှင့် Wave Money စနစ်တို့ကို အသုံးပြု၍ထုတ်ယူခြင်း၊ Mobile Agent များမှ တစ်ဆင့်ထုတ်ယူခြင်း စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ကြောင်းကိုလည်း အသိပေးကြေညာထားပြီးဖြစ်သည်။

မြန်မာ့စီးပွားရေးဘဏ်သည် အငြိမ်းစားလစာထုတ်ယူမှုများ အဆင်ပြေစေရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ ဘဏ်များတွင် e-pension စက်များ တိုးချဲ့တပ်ဆင်ပေးခြင်း၊ ငွေထုတ်ကောင်တာများတိုးချဲ့ပေးခြင်း၊ အငြိမ်းစားများစောင့်ဆိုင်းနိုင်ရန် နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း၊ ငွေထုတ်ပေးမှုမြန်ဆန်စေရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ အငြိမ်းစားလစာထုတ်ပေးသည့်ရက်များတွင် ဘဏ်ဝန်ထမ်းများက ဘဏ်လုပ်ငန်းချိန်မတိုင်မီ နံနက် (၀၆:၀၀) နာရီမှစ၍ ဖွင့်လှစ်ပြီး အငြိမ်းစားလစာများအားထုတ်ပေးခြင်း၊ နောက်လအတွက် ကြိုတင်တိုကင်ထုတ်ပေး၍ သင့်တော်သည့် နေ့ရက်၊ အချိန် ခွဲခြားဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များ အငြိမ်းစားလစာထုတ်ယူမှုနှင့်ပတ်သက်၍ အခက်အခဲတစ်စုံ တစ်ရာရှိပါက သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများထံ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းနှင့် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မေတ္တာရပ်ခံအသိပေးပန်ကြားအပ်သည်။

မြန်မာ့စီးပွားရေးဘဏ်