Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၏ မှတ်တမ်းပုံစံ(၁)များအား Scanner ဖြင့် ဖတ်ရှုမှုနှင့် အင်းစိန်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ပါ အချက်အလက်များအား ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၂၆

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၏ မှတ်တမ်းခန်းသို့ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းက လူတစ်ဦးချင်းစီ၏ နိုင်ငံသားဆိုင်ရာ ကိုယ်ရေးအချက်အလက်မှတ်တမ်းပုံစံ(၁)များ ထိန်းသိမ်းထားရှိမှု၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် နိုင်ငံသားဆိုင်ရာ မှတ်တမ်းပုံစံ(၁)များအား Scanner ဖတ်ကာ ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မှတ်တမ်းပုံစံ(၁)များအား Scanner ဖတ် ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းများတွေ့ဆုံကာ မဲစာရင်းမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)နှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ်(နိုင်-၄)ပါ အချက်အလက်များကို ကွန်ပျူတာများဖြင့် ဖြည့်သွင်း၍ နေပြည်တော်ရုံးချုပ် Server သို့ ပေးပို့ဆောင်ရွက်သည့်လုပ်ငန်းကိုလည်း သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ယခုလုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံသားဆိုင်ရာ ကိုယ်ရေးအချက်အလက်မှတ်တမ်းပုံစံ(၁)များကိုလည်း Scanner ဖတ်ထိန်းသိမ်းခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုံစံ(၁)မှတ်တမ်းများသည် နိုင်ငံသားဖြစ်မှုကို ဥပဒေအရ စိစစ်ရာတွင် အရေးကြီးသည့်အထောက်အထား မှတ်တမ်းမှတ်ရာများဖြစ်ရာ ပျောက်ပျက်မှုမရှိစေရေးအတွက် ယခုကဲ့သို့ ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ရခြင်းဖြစ်သည်ကို ဝန်ထမ်းများအားလုံး သိရှိနားလည်ထားကြရန်လိုကြောင်း၊ မှတ်တမ်းပုံစံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် အဘက်ဘက်က တွေးတောကြံဆ ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် လုံခြုံရေးဆိုင်ရာ စီမံချက်များရေးဆွဲကာ တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများက မှတ်တမ်းပုံစံ(၁)များကို Scanner ဖတ်ရှုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မှတ်တမ်းခန်းများအတွင်း ပုံစံ(၁)စာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန် GTI)သို့ သွားရောက်၍ ကျောင်းခန်းမအတွင်း မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ဆက်စပ်ဌာနများမှ ဝန်ထမ်းများနှင့် လုပ်အားပေးလူငယ်များက မဲစာရင်းမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်ရာတွင် လိုအပ်သည့် မြို့နယ်ရုံးရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ပါ အချက်အလက်များ ကွန်ပျူတာများဖြင့်ဖြည့်သွင်းကာ နေပြည်တော်ရုံးချုပ်ရှိ Server သို့ ပေးပို့ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းဆောင်ရွက်နေကြသူများကို ယခုလုပ်ငန်းစဉ်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ နိုင်-၄ မှတ်တမ်းများနှင့် ယခုဆောင်ရွက်နေသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)၏ အချက်အလက်များကို ရုံးချုပ် Server သို့ ဖြည့်သွင်းပေးပို့ဆောင်ရွက်ပြီးပါက အနာဂတ်တွင်ဆောင်ရွက်မည့် မဲစာရင်းမှန်ကန်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ယင်းလုပ်ငန်းစဉ်များနှင့်ဆက်စပ်၍ မိမိတို့ဌာနမှ ဆောင်ရွက်နေသည့် e-ID စနစ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းဆောင်ရွက်နေသူများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)