မော်လိုက် ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အဆင့် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်ယဉ်လှက အမျိုးသမီးကော်မတီ၏ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုများ၊ အသက်မွေးဝမ်းကြောင်း သင်တန်းဖွင့်လှစ်ပေးမည့် အခြေအနေများနှင့် အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်အမျိုးသမီးကော်မတီ အဖွဲ့ဝင်များက အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ ကြိုတင် ကာကွယ်စောင့်ရှောက်ရေးအတွက် သင်တန်းများ၊ ဆွေးနွေးပွဲများကို ရပ်ကွက်များ၊ စာသင်ကျောင်း များတွင် ပြုလုပ်သွားနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး