Skip to main content

ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ နေပြည်တော်အတွင်းရှိ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်၊ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်တို့ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒက္ခိဏသီရိမြို့နယ်ရှိ Nilar Frozen Foods Co., Ltd. ၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအား Contract Farming စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ကာ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် အေးခဲထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေမှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် ကုန်ကြမ်းပုံမှန် ရရှိရန်အတွက် စိုက်ပျိုးမြေလိုအပ်မှုကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်ရှိ Golden Sunland Co., Ltd. က ဆောင်ရွက်လျက်ရှိသည့် အဆင့်မြင့်ဆန်စက် တည်ဆောက်ပြီးစီးမှု၊ ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်ရှိ Chindwin Banner Co., Ltd. က ဆောင်ရွက်လျက်ရှိသည့် အဝတ်အထည်မျိုးစုံချုပ်လုပ်ခြင်းလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးနိုင်မှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်တို့က ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများ ဆက်လက်တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့က ကူညီပံ့ပိုးပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ လုပ်ငန်းဆိုင်ရာကြုံတွေ့နေရမှုများနှင့် ပတ်သက်၍ ဆက်စပ်ဌာနများနှင့် လုပ်ငန်းရှင်များအကြား ညှိနှိုင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ပိုမိုအားကောင်းလာစေရေး၊ ကုန်ကြမ်းလုံလောက်မှုရှိစေရေး၊ အမှန်တကယ်လိုအပ်သည့် စိုက်ပျိုးမြေအသုံးပြုခွင့်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့မြှင့်တင်ရေးနှင့် လုပ်သားများ၏ ကျွမ်းကျင်မှုဆိုင်ရာ မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 သတင်းစဉ်