ရန်ကုန် ဇူလိုင် ၂၅
အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများကို စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေသဘောထားပိုမိုကောင်းမွန်သည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ နိုင်ငံ့ဝန်ထမ်းများသိရှိရမည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ကျွမ်းကျင်စေရန်၊ အုပ်ချုပ်ရေးနှင့် ခေါင်းဆောင်မှုသဘောတရားများ၊ စီမံခန့်ခွဲရေးဆိုင်ရာ အယူအဆများကို မိမိတို့အဆင့်နှင့်လျော်ညီစွာ သိရှိနားလည်တတ်မြောက်စေရန်၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများကို အမျိုးသားရေးအမြင်ရရှိစေရန်၊ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ အခြေခံသဘောတရားများကို သိရှိနားလည်စေရန်နှင့် ခွဲခြားဆက်ဆံမှုကင်းရှင်းစွာဖြင့်၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပြည်သူဗဟိုပြု ထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်စေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။
အုပ်ချုပ်ရေးကဏ္ဍများတွင် မိမိတို့ရာထူးအဆင့် အလိုက်ထိရောက်သည့် စီမံခန့်ခွဲရေးစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်နှင့်အရည်အသွေးများ၊ တတ်ကျွမ်းသင့်သည့် လုပ်ငန်းစွမ်းရည်နှင့် ထက်မြက်ခိုင်မာသည့် စိတ်ဓာတ်စွမ်းရည်တို့ တိုးတက်ဖွံ့ဖြိုးလာအောင် စိတ်ရောကိုယ်ပါ ကြိုးစားသင်ယူလေ့လာကြစေလိုကြောင်း၊ ဝန်ထမ်းသက်တမ်းတစ်လျှောက် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီး အဂတိတရားကင်းရှင်းသော၊ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်သော ဝန်ထမ်းများဖြစ်အောင် အားထုတ်ကြရန်လိုကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ၏စီမံအုပ်ချုပ်ရေးယန္တရားကြီး အောင်မြင်စွာလည်ပတ်နိုင်ရေး၊ ပြည်သူများကို အရည်အသွေးပြည့်ဝစွာဖြင့် မြန်ဆန်သွက်လက်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁)သို့ သင်တန်းသား ၁၄၂ ဦး၊ သင်တန်းသူ ၁၁၇ ဦး စုစုပေါင်း ၂၅၉ ဦး တက်ရောက်လျက်ရှိပြီး ရက်သတ္တ ၁၀ ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်