နေပြည်တော် ဇူလိုင် ၂၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာသုံးရွာကို ခေတ်မီစံပြကျေးရွာ ရှေ့ပြေးစီမံကိန်းအဖြစ် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးတွင် သဘာဝမြေဩဇာကို ဦးစားပေး အသုံးပြုရန်လိုကြောင်း၊ သဘာဝမြေဩဇာထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် လိုအပ်သည့်နည်းပညာများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဂွေးပင်(စံပြ)ကျေးရွာ၏ စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းသမဝါယမအသင်းမှ စုပေါင်းလယ်ယာစနစ်ဖြင့် ဆောင်ရွက်နေသည့် အသင်းသားတောင်သူ ခြောက်ဦး ပိုင်ဆိုင်သည့် လယ်မြေခုနစ်ဧကတွင် GW 11 အထွက်ကောင်းမျိုးစပါးများ အစေ့ချ(စီဒါ)စိုက်ပျိုးခြင်း၊ ကြဲပက်စိုက်ပျိုးခြင်းနှင့် ပျိုးထောင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး တောင်သူဒေါ်ခင်မြင့်ရွှေ၏ လယ်မြေ ၁ ဒသမ ၂၅ ဧကတွင် အဖွဲ့ဝင်များနှင့်အတူ ကြဲပက်စိုက်ပျိုးပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာရှိ စမ်းဝတီသဘာဝမြေဩဇာစက်ရုံသို့ ရောက်ရှိပြီး စမ်းဝတီသဘာဝမြေဩဇာကီလို ၅၀ တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀ ဖြင့် ပတ်ဝန်းကျင် ကျေးရွာများ၊ မြို့နယ်များသို့ ဖြန့်ဖြူးပေးနေမှု၊ စမ်းဝတီနွားမွေးမြူရေးခြံရှိ နွားကောင်ရေ ၄၀၀ ကျော် မွေးမြူထားရှိမှုနှင့် သဘာဝမြေဩဇာသုံး တီကောင်များမွေးမြူထားမှုနှင့် စမ်းဝတီဘက်စုံသုံး အရောင်းဆိုင် တည်ဆောက်နေမှုတို့ကို ကြည့်ရှုလေ့လာသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သော်မှော်ကုန်း(စံပြ)ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံပြီး စံပြကျေးရွာစီမံကိန်း အောင်မြင်ရေးအတွက် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ အချိန်မီပြီးစီးရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဦးမြင့်သိန်း ဦးဆောင်သော မွေးမြူရေးသမဝါယမ အစုအဖွဲ့၏ CP ဝက်အကောင် ၂၀ မွေးမြူဆောင်ရွက်နေမှု၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နွားမွေးမြူရေးအစုအဖွဲ့၏ ဒေသနွားမျိုးများ မွေးမြူဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်