Skip to main content

ပြည်သူများအနေဖြင့် လူထုအခြေပြုဗဟိုဌာနသည် မြို့အင်္ဂါရပ်နှင့်အညီ မရှိမဖြစ်ထားရှိသင့်သည့်နေရာ၊ အသိပညာဗဟုသုတများ ရှာမှီးရာနေရာ၊ သတင်းအချက်အလက် ရှာဖွေရာနေရာဖြစ်လာအောင် အလေးထားပြီး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်

တောင်ကြီး ဇူလိုင် ၂၅

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများအား ပြည်သူများ အသိပညာနှင့်သတင်းအချက်အလက်များ ရှာမှီးရာနေရာ၊ ရပ်ကျိုးရွာကျိုး၊ တိုင်းကျိုးပြည်ကျိုးကိစ္စများ ဆွေးနွေးတိုင်ပင်ရာနေရာ၊ ပြည်သူများအကျွမ်းတဝင် ဝင်/ထွက်သွားလာရာ နေရာများအဖြစ် ပေါ်ပေါက်လာစေရေးအတွက် လူထုအခြေပြုဗဟိုဌာနများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ တောင်ကြီးမြို့၌ တည်ဆောက်ပြီးစီးသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါအဆောက်အအုံသစ်ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် မြို့မိမြို့ဖ ဦးမောင်မောင်မြင့်တို့က လူထုအခြေပြုဗဟိုဌာနဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

လူငယ်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်သည့်နေရာတစ်ခုဖြစ်

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သည့် တောင်ကြီးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန အဆောက်အအုံတွင် စာပေဗိမာန်အရောင်းဆိုင်၊ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ် (Mini Museum)၊ ပြည်သူ့စာကြည့်တိုက်၊ အစည်းအဝေးခန်းမ၊ ကွန်ပျူတာခန်းမ၊ သင်တန်းခန်းမ၊ အားကစားခန်းမနှင့် ဘက်စုံသုံးခန်းမတို့ကို ထည့်သွင်းထားရှိပေးထားသည့်အတွက် ပြည်သူများအတွက် အသိပညာ၊အတတ်ပညာ ဗဟုသုတရှာမှီးရာနေရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ လူထုအခြေပြုဗဟိုဌာနရှိ ဆွေးနွေးပွဲခန်းမ၌ လူငယ်များ၏ အသိပညာမြင့်မားရေး၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေရေးနှင့် ရပ်ရွာအရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက်ရေးအတွက် လူငယ်အသင်း (Youth Club) က ဦးဆောင်၍ လူငယ်ရေးရာလှုပ်ရှားမှုများ ဆောင်ရွက်ခြင်းဖြင့် လူငယ်များ၏ Network ကျယ်ပြန့်၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လူထုအခြေပြုဗဟိုဌာနသည် လူငယ်များတွေ့ဆုံရန် အသင့်တော်ဆုံးနေရာဖြစ်ပြီး လူငယ် Network ကျယ်ပြန့်လာသည်နှင့်အမျှ Community ကျယ်ပြန့်လာကာ ရေရှည်ဖွံ့ဖြိုးတိုးတက်၍ လူငယ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်သည့်နေရာတစ်ခုလည်း ဖြစ်ပါကြောင်း။

ထို့အပြင်တိုင်းရင်းသား လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီး၍ ယဉ်ကျေးမှုဓလေ့စရိုက်များ ထွန်းကားစေနိုင်ပြီး ပြည်သူများ အမှန်တကယ်အားကိုးအားထားပြုနိုင်သည့် လူထုအခြေပြုဗဟိုဌာနအဖြစ် ပြောင်းလဲဆောင်ရွက်နိုင်သကဲ့သို့ လူထုအခြေပြုစာကြည့်တိုက်များဖြင့် ကောင်းမွန်သည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် နိုင်ငံတော်အစိုးရ၏ကောင်းမွန်သည့် ပုံရိပ်ကိုလည်း မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။

သတင်းအချက်အလက် ရှာဖွေရာနေရာ

နိဂုံးချုပ်အနေဖြင့် လူထုအခြေပြုဗဟိုဌာနတွင် မိမိတို့ဝန်ကြီးဌာနအပြင် ပြည်နယ်အစိုးရနှင့်အလှူရှင်တို့က ဘက်ပေါင်းစုံမှ တတ်နိုင်သမျှဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်ရာ ပြည်သူများအနေဖြင့် လူထုအခြေပြုဗဟိုဌာနသည် မြို့အင်္ဂါရပ်နှင့်အညီမရှိမဖြစ် ထားရှိသင့်သည့်နေရာ၊ အသိပညာ ဗဟုသုတများရှာမှီးရာနေရာ၊ သတင်းအချက်အလက် ရှာဖွေရာနေရာဖြစ်လာအောင် အလေးထားပြီး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်းနှင့် လူထုအခြေပြုဗဟိုဌာန (တောင်ကြီး) အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးကူညီပေးကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားပြီး တောင်ကြီးမြို့မှ မြို့မိမြို့ဖ ဦးမောင်မောင်မြင့်က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးလျက်ရှိသည့် အစီအစဉ်များကို ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများဖမ်းယူကြည့်ရှုနိုင်ရန်အတွက် MRTV DVB – T2 Set Top Box အလုံးရေ ၅၀၀ နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မိသားစုများအတွက် အလုံးရေ ၅၀၀ ကို ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က လက်ခံရယူသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွက် DTH စလောင်းများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးအား ပေးအပ်ပြီး လူထုအခြေပြုဗဟိုဌာန (တောင်ကြီး) အဆောက်အအုံဆိုင်ရာ စာရွက်စာတမ်းများကို မြန်မာ့ကြယ်စင်လင်းကုမ္ပဏီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

လှည့်လည်ကြည့်ရှုအားပေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက လူထုအခြေပြုဗဟိုဌာန အဆောက်အအုံရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ ကလေးစာဖတ်ခန်း၊ အနုပညာခန်း၊ ပြတိုက်ငယ်၊ ပြည်သူ့စာကြည့်တိုက်၊ အားကစားခန်းမ၊ ကွန်ပျူတာသင်တန်းခန်းမ၊ အစည်းအဝေးခန်းမနှင့် ကလေးကစားကွင်းတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

အခမဲ့အသုံးပြုနိုင်

ယခုဖွင့်လှစ်သည့် လူထုအခြေပြုဗဟိုဌာနအဆောက်အအုံသည် B.O.T စနစ်ဖြင့် တည်ဆောက်သည့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဖွင့်လှစ်သည့် အဆောက်အအုံဖြစ်ပြီး ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ သတင်းအချက်အလက်နှင့်နည်းပညာ၊ အားကစား၊ အနုပညာ၊ စာပေစကားဝိုင်း ဆွေးနွေးပွဲများနှင့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို အခမဲ့ဝင်ရောက်လေ့လာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့တွင် Digital စနစ်ဖြင့် အသစ်တည်ဆောက်ပြီးဖြစ်သော Jasmine Taunggyi ရုပ်ရှင်ရုံ (ယခင်မြို့မရုပ်ရှင်ရုံ) ကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

သတင်းစဉ်