နေပြည်တော် ဇူလိုင် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-2) ၌ ကျင်းပသည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူချွန်လူကောင်းသီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ၃၂ ဒသမ ၅၀ ရာခိုင်နှုန်းရှိပြီး ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၄၇ ဒသမ ၁၈ ရာခိုင်နှုန်းရှိရာ ယခုနှစ်အောင်ချက် ရာခိုင်နှုန်းတိုးလာသည်ကို တွေ့ရှိရပါကြောင်း၊ ယခုစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူများ အနေဖြင့်လည်း ရရှိနေသည့်အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားပြီး နိုင်ငံတော်အတွက် အားကိုးအားထားရသည့် လူတော်လူကောင်းများ ဖြစ်လာစေရေးနှင့် အဆင့်မြင့်ပညာရပ်များကို ဆတက်ထမ်းပိုး ကြိုးစားသင်ယူသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၀ ခုနှစ် ပညာသင်နှစ်တွင် အောင်ချက်အကောင်းဆုံးဆုရရှိခဲ့သည့် တပ်ကုန်းမြို့နယ်၊ တောင်ပို့သာ အခြေခံပညာအထက်တန်းကျောင်းမှ အောင်ချက်အကောင်းဆုံးဒိုင်းဆုကို ပြန်လည်လွှဲပြောင်းပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ခံရယူပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အောင်ချက်အကောင်းဆုံးဆုရရှိခဲ့သည့် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်း အခြေခံပညာအထက်တန်းကျောင်းကို ဒိုင်းဆု၊ ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က လေးဘာသာနှင့်အထက် ဂုဏ်ထူးရရှိအောင် သင်ကြားပေးနိုင်ခဲ့သည့် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမများအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ ခြောက်ဘာသာ ဂုဏ်ထူးရရှိကြသည့် ကျောင်းသား/ကျောင်းသူ(၁၀)ဦးတို့ကို ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် အမြဲတမ်းအတွင်းဝန်တို့က ခြောက်ဘာသာ၊ ငါးဘာသာ၊ လေးဘာသာ ဂုဏ်ထူးရရှိကြသည့် ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်ချက်အကောင်းဆုံး အစိုးရအထက်တန်းကျောင်းများနှင့် မြို့နယ်များကို ဂုဏ်ပြုဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကိုယ်စား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး တတိယရရှိသူ ခြောက်ဘာသာ ဂုဏ်ထူးရှင် မရွှေခေတ်ပိုင် က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ထူးများရရှိကြသည့် ကျောင်းသားကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးဆုရကျောင်းများမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင်(၂၆)ဦး၊ ငါးဘာသာ(၄၄)ဦး၊ လေးဘာသာ(၆၉)ဦး၊ သုံးဘာသာ(၂၉၁)ဦး၊ နှစ်ဘာသာ (၄၂၆)ဦး၊ တစ်ဘာသာ(၂၃၂၅)ဦး စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ(၃၁၈၁)ဦးရှိပြီး အောင်ချက်အကောင်းဆုံးဆုရ အစိုးရအထက် တန်းကျောင်းသုံးကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နှစ်ကျောင်း စုစုပေါင်း ငါးကျောင်းနှင့် အောင်ချက်အကောင်းဆုံးဆုရ မြို့နယ်သုံးမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)