Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတွင် e-Government စနစ် အကောင်အထည်ဖော်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ယခင်ကာလက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ ပံ့ပိုးကူညီမှုဖြင့် e-ID ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့မှု၊ နည်းပညာဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များ ခန့်ထားဆောင်ရွက်ပေးမှု၊ e-ID စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းအား မိမိတို့နိုင်ငံမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ကြိုးပမ်းဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်အပေါ် အတွေ့အကြုံရှိပြီးဖြစ်သည့် အိန္ဒိယနိုင်ငံမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်အား ကာလတိုငှားရမ်းအသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ ၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်ရာ၌ GIS စနစ်အတွက် အိန္ဒိယနိုင်ငံမှ အကြံပေးပုဂ္ဂိုလ် ကာလတို ငှားရမ်းအသုံးပြုနိုင်ရန် အကူအညီပေးနိုင်ရေး၊ အိန္ဒိယနိုင်ငံမှ မိမိတို့ဌာနလုပ်ငန်းများအတွက် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်နှင့် အကြံပေးပုဂ္ဂိုလ်များအား ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် လုပ်ငန်းဆိုင်ရာ အကြံဉာဏ်များ ပံ့ပိုးကူညီပေးနိုင်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)