Skip to main content

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာန သင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၂၅

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားရှိသော သင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုပွဲနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုစုထားရှိသည့် ပုံပြင်၊ ကဗျာ စာအုပ်(၃)မျိုး ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းကျောင်း ကျောင်းအုပ်များနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် တို့က အမှာစကားများ ပြောကြားကြသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ကျောင်းသား(၅) ဦး၊ အမျိုးသမီး ကလေးများသင်တန်းကျောင်း(ရန်ကုန်)မှ ကျောင်းသူ(၄)ဦး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက် ရေးဌာန(ရန်ကုန်)မှ ကျောင်းသူ(၂)ဦး၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်း ကျောင်း(မန္တလေး)မှ ကျောင်းသူ(၁)ဦး၊ နားမကြားသောကလေးများကျောင်း (မန္တလေး)မှ ကျောင်းသား(၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းမှ ကျောင်းသား(၁) ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ (၁၄)ဦးတို့ကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ခရိုင်ဦးစီးမှူးများက ဆုများချီးမြှင့်ခဲ့ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသား(၁) ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ သင်တန်းကျောင်း (၉)ကျောင်းမှ ကျောင်းသား ကျောင်းသူ (၄၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၁၄) ဦး အောင်မြင်ပြီး (၂) ဘာသာဂုဏ်ထူးရှင် (၃)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၃) ဦးရှိခဲ့သည်။

ဆက်လက်၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြု ပုံပြင်၊ ကဗျာ၊ သီချင်းစာအုပ်များကို ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးများ၏ ညွှန်ကြားရေးမှူးများကိုယ်စား ချင်းပြည်နယ် လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးကို ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)