Skip to main content

ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှု၊ အသုံးဝင်ပုံနှင့် ဈေးနှုန်းဈေးကွက်အလားအလာ

ကြက်သွန်နီသည် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည်။ ကြက်သွန်နီသည် အာဟာရတန်ဖိုး ကြွယ်ဝပြီး စွမ်းအင်ကိုဖြစ်စေသော အစာတစ်မျိုးဖြစ်သည်။ ဟင်းလျာတိုင်းတွင် မပါမဖြစ်အသုံးဝင်သည့် သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီ၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါလက်စတိုင်း တစ်လျှောက်ဖြစ်သည်။ မြန်မာကြက်သွန်နီသည် ပြည်တွင်း ပြည်ပဈေးကွက်ဝင်ပြီး၊ မြန်မာ GAP စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ရန် ရွေးချယ်ထားသည့် သီးနှံ (၁၄)မျိုးတွင်ပါဝင်ပါသည်။ စစ်ကိုင်း တိုင်းဒေသကြီးတွင် နှစ်စဉ်ပျှမ်းမျှ ကြက်သွန်နီစိုက်ဧက (၅) သောင်းခန့်ရှိပြီး ထွက်ရှိမှုမှ မျိုး၊ အလေအလွင့်၊ စားသုံးမှုနှုတ်ပါက တန်ချိန်(၃) သိန်းခန့် ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။

ကြက်သွန်နီသည် အလွန်ချဉ်သောမြေကို မနှစ်သက်ခြင်းကြောင့် အောက်မြန်မာပြည်တွင် စိုက်ပျိုးမှုနည်းသည်။ ကြိုက်နှစ်သက်သော မြေချဉ်ငံကိန်းမှာ၆မှ၇ဖြစ်သည်။ အပူအအေးသင့် တင့်သော ရာသီဥတုကိုကြိုက်နှစ်သက်သည်။ စိုက်ပျိုးလျက်ရှိသော မျိုးများမှာ ရွှေဖလား၊ ပိတောက်ပြွန်၊ ဇော်မွှား၊ မြေနဲမျိုး၊ ရွှေဖလားထိပ်မောက်၊ စဉ်အိုးပုံ၊ မြင်းခြံမျိုးနှင့် ဒေသမျိုးတို့ဖြစ် သည်။ မုံရွာမြို့ပြည်တော်သာရပ်(အက်တောရပ်)တွင် ထိပ်မောက်နှင့်ပိတောက်ပြွန်မျိုးကိုစိုက် ပျိုးသည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကြက်သွန်နီစိုက်ဧကမှာ မိုးစိုက် ဧက (၂၂၂၆)နှင့် ဆောင်းစိုက်ဧက(၄၇၂၉၂)၊ စုစုပေါင်း(၄၉၅၁၈)ဧက စိုက်ပျိုးပါသည်။

အစေ့ကို တိုက်ရိုက်စိုက်ပျိုးနိုင်သော်လည်း ကုန်ကျစရိတ်များသောကြောင့် ပျိုးထောင်၍ စိုက်ပျိုးကြသည်။ ကြက်သွန်တစ်ဧကစိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (၀.၀၅)ဧက အရွယ်ရှိ ရမည်။ သေချာစွာပြင်ဆင်ထားသောပျိုးခင်းတွင် မျိုးစေ့ကို ညီညာစွာကြဲ၍ လည်းကောင်း၊ အတန်းလိုက်သော်လည်းကောင်း စိုက်ရပါမည်။ စိုက်ပြီးသောမျိုးစေ့များကို အညှောင့်မြေပေါ် ထွက် လွယ်စေရန် နွားချေးမှုန့်ပါးပါးနှင့် ပြန်လည်အုပ်ပေးရမည်။ နေ့စဉ်ရေမှန်မှန်လောင်းပေးရ မည်။ ပျိုးပင်ကလေးများကို ၄ ပတ်၊ ၆ ပတ်သားအရွယ်တွင် ပျိုးပင်၏အရင်းသည် အနည်းငယ် ကြီးလာပါက ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ တစ်ဧကတွင် မျိုးစေ့ (၄) ပြည်ခန့်လိုအပ်သည်။

မြေပြန့်တွင်ကြက်သွန်ကို အောက်တိုဘာလမှ နိုဝင်ဘာလအထိ ပျိုးထောင်သည်။ တောင်ပေါ်ဒေသ၌မတ်လမှ ဇွန်လအထိ ပျိုးထောင်ကြသည်။ မိုးရာသီတွင် ဥစိုက်နှင့်မိတ်ထောင်စိုက်ဟူ ၍ နှစ်မျိုးရှိပြီး ဩဂုတ်လ၊ စက်တင်ဘာလတွင်စိုက်ပျိုးကာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ထွက်ပေါ်ပါသည်။ ဆောင်းစိုက်ကြက်သွန်ကို နိုဝင်ဘာ၊ဒီဇင်ဘာလတွင်စိုက်ပျိုးကာ မတ်လနှင့် ဧပြီလတွင် ထွက်ပေါ်ပါသည်။

ကြက်သွန်သည် ပြောင်းရွှေ့စိုက်ပျိုးပြီးချိန်မှစ၍ အထနှေးသောကြောင့် ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံး ပျက်စီးတတ်သည်။ ထို့ကြောင့် မြေပြုပြင်ချိန်တွင် ပေါင်းကိုတစ်ပါတည်း ကြို တင်နှိမ်ထားရမည်။ ဘောင်ဖော်စိုက်ပျိုးနည်းတွင် စိုက်ခင်းမြေမျက်နှာပြင် အနိမ့်အမြင့်ပေါ်မူ တည်ပြီး ညီညာသောအပိုင်းများအလိုက် ဘောင်ဖော်ပေးရမည်။ ပျိုးပင်လေးများကို တစ်ပင်နှင့် တစ်ပင်တစ်တန်းနှင့်တစ်တန်း ၄/၅ လက်မခွာ၍စိုက်ရမည်။ ကန်သင်းဖော်စိုက်ပျိုးနည်းကို ဆည် ရေရသော ဒေသများတွင်အသုံးပြုသည်။ ကန်သင်းပေါ်မှ နေ၍ပေါင်းရှင်းနိုင်စေရန်အတွက် ၅ပေ ထက်မကျယ်သော အကွက်များကိုဖော်ပေးရမည်။ တစ်တန်းနှင့်တစ်တန်း ၅/၆ လက်မခန့်ထားရှိ ပြီး တစ်ပင်နှင့် တစ်ပင် ၃/၄ လက်မခွာ၍ စိုက်ပျိုးသည်။ တစ်ဧကလျှင် အပင် ၅ သိန်းကျော်အထိ ဒေသအလိုက် စိုက်ပျိုးစနစ်ပေါ်မူတည်၍ ဝင်ဆန့်ပါသည်။ စပ်မျိုးကြက်သွန်နီကိုသုံးပါက အပင် ၂ သိန်းကျော်ဝင်ဆန့်သည်။ ကျွန်းမြေပေါ်နှင့် သဲချောင်းမြေများတွင်လည်း ကြက်သွန်စိုက်ပျိုးနိုင် သည်။ မြန်မာနိုင်ငံ မိုးခေါင်ရေရှားဒေသများ၌ ဤနည်းကိုအသုံးများသည်။

ကြက်သွန်စိုက်ပျိုးသော မြေအခြေအနေပေါ်မူတည်၍ မြေဩဇာအသုံးပြုမှု ကွာခြားသည်။ သဲမြေတွင် နွားချေးပိုသုံးရမည်။ ယေဘူယျအားဖြင့် တစ်ဧကအတွက်လိုအပ်သော မြေဩဇာမှာ ယူရီးယား(၂)အိတ်၊ တီစူပါ (၂)အိတ်၊ ပိုတက်ရှ် (၁)အိတ်ဖြစ်သည်။ ယူရီးယားဓာတ်မြေဩဇာကို ပျိုးပင်များပြောင်းစိုက်ချိန်တွင် တစ်ဝက်ထည့်သွင်းပြီး ကျန်တစ်ဝက်ကို စိုက်ပြီးတစ်လအကြာတွင် ထည့်ပေးရမည်။ မြေအလွန်ကြပ်နေပါက နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးရပါသည်။

ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသောအခြေအနေတွင် အမြဲရှိရန်လိုအပ်သည်။ ရေသွင်းချိန်ရောက်မရောက်ကို ကြက်သွန်ပင်များ၏အခြေအနေကိုကြည့်၍ အကဲခတ်ရမည်။ သာမန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ်ရေပေးရသည်။ ရာသီဥတုပူပြင်းပါက ၄/၅ ရက်ခြား တစ်ကြိမ်ခန့် ရေပေးသွင်းရန်လိုသည်။ အရွက်များစတင်ကျလာချိန်တွင် ရေသွင်းခြင်းကို ရပ်လိုက်ပြီး ကြက်သွန်အမြိတ်များကို စုစည်းချည်နှောင်ပေးခြင်း၊ ဆံမြိတ်ထုံးပေး ခြင်းကိုပြုလုပ်ရမည်။ ကြက်သွန် မတူးခင် ရေကို ၁၀ ရက်ကြိုဖြတ်ထားရမည်၊ ရေမဖြတ်ပါက အခွံပါးပြီးအထား မခံပါ။

ကြက်သွန်နီအပင်စိုက်ပြီး ရက်ပေါင်း ၈၀မှ ၁၇၀အတွင်းတူးဖော်နိုင်သည်။ ကြက်သွန်အရွက် အမြိတ်၏ ၁၅-၂၅ ရာခိုင်နှုန်းခြောက်လာလျှင် လက်ဖြင့် ဆွဲနှုတ်ရိတ်သိမ်းနိုင်သည်။ အရွက်များအား လုံးခြောက်မှရိတ်သိမ်းပါက ကြက်သွန်ဥသည် လက်ဖြင့်နှုတ်ရန်မလွယ်တော့ပေ။ အမြစ်များ သောကြောင့် ရောင်းတန်းမလှဖြစ်ရသည်။ ကြက်သွန်ဥနှုတ်ပြီးသည်နှင့် အရွက်ကို ၁လက်မချန် ပြီးဖြတ်ရမည်။ ကြက်သွန်နီအထွက်နှုန်းမှာ ပျှမ်းမျှတစ်ဧကလျှင် ပိဿာချိန် ၆၀၀၀ ခန့်ထွက်ပါ သည်။ ကြက်သွန်ဥများကို နေရောင်ဖြင့်အခြောက်မလှန်းရပါ။ အေး၍ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသောနေရာတွင် သိုလှောင်အခြောက်ခံရမည်။ ကြက်သွန်အပေါ်ယံခွံ အခြောက်ဖြစ်စေရန် အစိုဖြစ်စမှ ၁ လခန့်ကြာသည်။

ကြက်သွန်နီဥများကိုမသိုလှောင်မီ အနာအဆာ အပဲ့အရွဲ့ကင်းစင်သော အရောင်အဆင်း ကောင်းမွန်သောဥများရရန် သေချာရွေးချယ်၍ အူတိုင်ပွသောဥများနှင့် မိတ်ဖြတ်လည်ပင်း ကြီး နေသောဥများကို ဖယ်ထုတ်၍ ချက်ချင်းရောင်းချအသုံးပြုရမည်။ ခရီးဝေးပို့ရန်အတွက် ကျဲကျဲ ယက်ထားသော ဂုံနီအိတ်၊ ပီနန်အိတ်၊ ကြိုးအိတ်များ၌ အပြည့်ထည့်၍ လုံအောင်ချုပ်ပေးရမည်။ ကြက်သွန် သိုလှောင်ရုံကို သီးခြားစီစဉ်ဆောက်လုပ်ကြသည်။ သိုလှောင်ရုံအဆင့်များကို ဝါးကြမ်း ကျဲကျဲ ခင်းရသည်။ အကာအရံများကို လေဝင်လေထွက်ကောင်းရန် ဝါးတန်း မစိပ်မကျဲ ရိုက်ရ သည်။ မိုးပက်မည့် ဘက်ကို လုံအောင်ကာရံပေးရမည်။ ကြက်သွန်သိုလှောင်ရုံ ရှိအဆင့်များပေါ်တွင် ကြက်သွန်ဥများကို ၆ လက်မခန့်ထက် မထူအောင်ညှိခင်း သိုလှောင်ရသည်။ ကြက်သွန်နီ သိုလှောင်နေစဉ်ကာလ၌ အပြင်ခွံများ ကျွတ်လာတတ်သည်။ အပြင်ဘက်ဆုံးအလွှာများမှ ရေဓာတ်များ လျော့ပါးလာကာ တဖြည်းဖြည်းနှင့် ခြောက်သွေ့ကာအခွံဘဝ သို့ပြောင်းလဲသည်။ ရက်(၃၀)ခန့်ရှိတိုင်း တစ်ခွံတစ်ခွံ ကျွတ်လေ့ရှိသောကြောင့် သိုလှောင်စဉ်ကာလ၌ မူလထားရှိသောအလေးချိန်မှ သဘာဝအတိုင်း အလေးချိန် လျော့လျော့လာရခြင်းဖြစ်သည်။ ကြက်သွန်နီ သိုလှောင်ရုံကို နှစ်လတစ်ခါ သန့်ရှင်းရေး လုပ်ပေးသင့်သည်။ အဆံချောင်ခြင်းနှင့် ဥပုပ်ခြင်းများ တွေ့ရှိပါက ကောက်ယူရှင်းလင်းပေးရမည်။

ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ရာတွင် မြေယာပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ စိုက်ခင်းပြုစု ပေါင်းရှင်းခြင်း၊ ရိတ်သိမ်းခူးဆွတ်ခြင်းတို့တွင် လုပ်သားများ အသုံးပြုကြပါသည်။ လုပ်အားခမှာ တစ်နေ့လျှင် အမျိုးသား (၆၀၀၀)ကျပ်၊ အမျိုးသမီး(၄၀၀၀)ကျပ် ပေးရပြီး မုန့်ကျွေးရကြောင်း သိရသည်။ ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် (၄၀၀၀၀)ကျပ်မှ(၇၀၀၀၀)ကျပ် အထိရှိပါသည်။ တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်မှာ ကျပ်(၁၃သိန်းခွဲခန့်) ကုန်ကျပါသည်။

ကြက်သွန်နီသည် သာမန်အအေးမိရောဂါ၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အရိုးကြွပ် ဆတ်သော ရောဂါနှင့်အခြားရောဂါများကို ကုသရာတွင် ထိရောက်သည်။ ထိက်ဒဏ်ရာကြောင့် ညိုမည်းရောင်ရမ်းနာကျင်သောရောဂါကို သက်သာစေနိုင်ကြောင်း၊ ကြက်သွန်နီကို များများစားလျှင် ဦးခေါင်းပိုင်းနှင့် လည်ပင်းကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည်။ ကမ္ဘာ့ဒေသ အတော်များများတွင် ကြက်သွန်နီကို အပူလောင်ခြင်းအတွက် ကုသရာတွင် အသုံးပြုသည်။ ကြက်သွန်နီခြမ်းကို အပူလောင်ဒဏ်ရာပေါ်တွင် တစ်ညတာအုံပေးခြင်းဖြင့် ကုသကြသည်။ အမျိုးသမီးများသွေးဆုံးချိန်တွင် ဖြစ်ပွားတတ်သော အရိုးကြွပ်ခြင်းအတွက် အထူးသင့်လျော်သည်။ အမေရိကန်ဓာတုပညာရှင်တစ်ဦးက ကြက်သွန်နီသည် လည်ချောင်းနာခြင်းကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိထားသည်။ အိန္ဒိယတွင် ကြက်သွန်နီကို ထန်းလျက်နှင့်ရောစားခြင်းဖြင့် လည်ချောင်းနာရောဂါကို ကုသကြကြောင်း လေ့လာသိရှိရပါသည်။

မြန်မာ့ ဆေးကျမ်းများအလိုအရ ကြက်သွန်နီသည် ချို၏၊ စပ်၏၊ အနည်းငယ်ပူ၏၊ လေသလိပ်၊ အဖျား၊ ချောင်းဆိုးနာတို့ကိုနိုင်၏။ ဆီးရွှင်စေ၏။ နှုတ်မမြိန်၊ အော့အန်ရောဂါတို့ကို ပျောက်စေ၏။ ခွန်အားကို ဖြစ်စေ၍ သုတ်အားကို ပွားများစေတတ်၏။ အော့အန်ခြင်းစသော ရောဂါများကို ပျောက်စေတတ်၏။ ကြက်သွန်နီကို အစိမ်းစားခြင်းအားဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်း၍ ဆီးရွှင်စေ၏။ ကြက်သွန်စေ့ကို ထောင်းစားကအားတိုးစေ၏။ မီးဖုတ်ထားသော ကြက်သွန်နီကိုခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော်ကလေးဆီးချုပ်ရောဂါပျောက်၏။ ကြက်သွန်နီရည် အနည်းငယ်ကိုတိုက်ကျွေးလျှင် ကလေးများဝမ်းဗိုက်နာရောဂါပျောက်၏။ သကြားနှင့်ကြက်သွန်နီ အရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ၊ ဝမ်းရောဂါ ပျောက်၏။ ညအခါ မျက်စိမမြင်ရသည့် ကြက်မျက်သင့်ရောဂါအတွက် ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့်၍ မျက်စဉ်းခတ်ပေးသော်ပျောက်၏။ ကြက်သွန်နီ မီးဖုတ်အရည် နွေးနွေး ကိုနားထဲထည့်သော် နားကိုက်ရောဂါပျောက်၏။ ကြက်သွန်နီအရည်ညှစ်၍ နားထဲတစ်နေ့သုံး ကြိမ်ထည့်သော် နားပြည်ယိုရောဂါပျောက်၏။ ကြက်သွန်နီကို ဓါးနှင့်လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစားထုံးသုတ်၍ ကင်းမြီးကောက်စသော အဆိပ်ရှိသတ္တဝါကိုက်သည့်နေရာ၌ ၎င်း ထိပ်ဝဖြင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်းခြင်းဖြင့် အဆိပ်မတက်နိုင်တော့ချေ။ ကြက်သွန်နီ ကို ဒူလာပါဒရက်၊ မီးယပ် ပိန်ခြောက်၊ ရင်နာလေနာ ရောဂါများအတွက် ဖော်စပ်သော ဆေးများ တွင်လည်း ထည့်သွင်းအသုံးပြုနိုင်ကြောင်း မြန်မာ့ဆေးကျမ်းများမှ လေ့လာသိရှိရပါသည်။

မုံရွာမြို့အနီးရှိ ကျေးရွာများမှ ကြက်သွန်စိုက်တောင်သူများသည် ထွက်ရှိသော ကြက်သွန်များကို မုံရွာမြို့ရှိ ကြက်သွန်ပွဲရုံများသို့ ပေးအပ်ရောင်းချပါသည်။ မုံရွာမြို့ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်၊ စစ်တွေ၊ ပခုက္ကူနှင့် ကချင်ဒေသများသို့ တင်ပိုရောင်းချပါသည်။ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုများလည်းရှိပါသည်။

ကြက်သွန်နီဈေးနှုန်းများမှာ ဈေးကွက်အတွင်း ယခင်နှစ်(ဇွန်)လတွင်(၃၅၀-၄၀၀)ကျပ်သာ ရရှိပြီး ယခုနှစ် (ဇွန်) လတွင် (၁၈၀၀-၂၀၀၀)ကျပ် ရရှိပါကြောင်း၊ ယခုအချိန် တောင်သူတိုက်ရိုက် ဝယ်ဈေး ၁၃၀၀ကျပ်မှ ၁၄၀၀ ကျပ်အထိ ပေးဝယ်သဖြင့် ယခုနှစ်သည် တောင်သူများအတွက် တွက်ခြေကိုက်သည့် သီးနှံဖြစ်ကြောင်း မြေနဲကျေးရွာ ကြက်သွန်စိုက် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

ကြက်သွန်နီစိုက်ပျိုးရာတွင် ဈေးနှုန်းအနိမ့်အမြင့်ကိုလိုက်၍ စိုက်ပျိုးမှုဧရိယာ အနည်းအများ ပြောင်းလဲတတ်သဖြင့် ဈေးအမြင့်ဖြင့် ပိတ်သောနှစ်တွင် စိုက်ဧကများပြီး ဈေးအနိမ့်ဖြင့် ပိတ်သော နှစ်တွင် စိုက်ဧက လျော့နည်းတတ်ကြောင်းတွေ့ရသဖြင့် ပုံမှန်စိုက်ဧကများဖြစ်အောင် ဈေးကွက် ဈေးနှုန်းတည်ငြိမ်အောင် အသင်းအဖွဲ့ ဖွဲ့စည်းထိန်းညှိဆောင်ရွက်သင့်ပါသည်။ ကြက်သွန်နီများပြည်ပမှ တရားမဝင်ဝင်ရောက်မှုများကို ထိရောက်စွာကာကွယ်ပေးရပါမည်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်ထက်မလျော့နည်းစေရေး နိုင်ငံတော်အနေဖြင့် အခြေခံဈေးနှုန်းအာမခံချက် ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ပါကြောင်းနှင့် မြန်မာ့ကြက်သွန်နီကို နိုင်ငံတကာဈေးကွက်ရရှိရေးအတွက် အစိုးရနှင့်အသင်းအဖွဲ့တို့ ပေါင်းစပ်ဆောင်ရွက်သင့်ပါကြောင်း  သုံးသပ်ရပါသည်။

မြန်မာ့ရေမြေသဘာဝအရ အရည်အသွေးကောင်းမွန်သော ကြက်သွန်နီထုတ်လုပ်နိုင်သည်ဖြစ်ရာ ပြည်ပဈေးကွက်တွင် မြန်မာ့ကြက်သွန်နီနေရာရရှိလာပါက စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များအတွက်လည်း အကျိုးရှိမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)