Skip to main content

(၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှပါဝင်ပြသမည့် သတင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်မြဲဖြစ်သည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ (China-ASEAN Expo) အား ၂၀၀၄ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံမှ ပါဝင်ပြသခဲ့ရာယခုနှစ်တွင် ကျင်းပမည့် ကုန်စည်ပြပွဲ သည် မြန်မာ နိုင်ငံမှ (၁၉) ကြိမ်မြောက် ပါဝင်ပြသခြင်းဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 19th China-ASEAN Expo) နှင့်စပ်လျဉ်း ၍ ကြိုတင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက် (တနင်္လာနေ့)၊ နံနက် (၁၀:၃၀) နာရီတွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ တာဝန်ရှိသူများနှင့် ပြပွဲသို့ပါဝင်ပြသမည့် မြန်မာကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

ယခင်နှစ်များ၌ မြန်မာနိုင်ငံမှ မြန်မာကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် ကိုယ်တိုင်သွားရောက် ပါဝင်ပြသခဲ့ကြသော်လည်း  ၂၀၂၀ ပြည့်နှစ်၊ (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည် ပြပွဲမှစတင်၍ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်မှု ကန့်သတ်ချက်များကြောင့် မြန်မာလုပ်ငန်း ရှင်များသည် လူကိုယ်တိုင်သွားရောက်ပါဝင်ပြသမှုမရှိကြသဖြင့် မိမိတို့၏ပြသမည့် မြန်မာနိုင်ငံမှ မြန်မာ့ထွက်ကုန်ပစ္စည်းများပေးပို့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ လုပ်ငန်းမိတ်ဖက် ကိုယ်စားလှယ်များမှပြသကြမည်ဖြစ်ပါသည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှမြန်မာ့ ထွက်ကုန်ပစ္စည်းများကို ပြခန်းပေါင်း (၃၀) ခန်းပါဝင်ပြသမည်ဖြစ်ပါသည်။

ကုန်စည်ပြခန်းများအပြင် တရုတ်-အာဆီယံကုန်စည်ပြပွဲကာလအတွင်း National Image ပြခန်းဆောင်ကို (၅၄) စတုရန်းမီတာ အကျယ် အဝန်းရှိသည့်နေရာ၌  မြန်မာနိုင်ငံဒေသ အရပ်ရပ်မှ ထင်ရှားသောမြို့များ၏ ရှုခင်းများ၊ မြန်မာရိုးရာပွဲတော်များ၊ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍကြီးများအား လှပသောဓာတ်ပုံများဖြင့် ဝေဝေဆာဆာထည့်သွင်းပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။