မြန်မာနိုင်ငံသည်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်သော နိုင်ငံတစ်နိုင်ငံဖြစ် သည်နှင့်အညီ ဆန်စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ကို စိုက်ပျိုး ကြပါသည်။ ယင်းအပြင် တောင်သူများသည် ပြည်ပပို့ကုန် တစ်မျိုးဖြစ်သော အစေ့ထုတ်ပြောင်း များကိုလည်း တစ်နှစ်လျှင်နှစ်သီးစား၊ သုံးသီးစားစိုက်ပျိုးလာကြသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသရှိ ပြောင်းစိုက်ပျိုးထုတ်လုပ်သော တောင်သူများသည်လည်း ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပဝယ်လိုအား မြင့်တက်နေသော အစေ့ထုတ်ပြောင်းများကို နှစ်စဉ်တိုးတက်စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်အသင်းဝင်များအား GACC ကုမ္ပဏီနှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံသို့ တရားဝင်လမ်းကြောင်းဖြင့် အစေ့ထုတ်ပြောင်းများကို နယ်စပ်ကုန်သွယ်ရေးစခန်းများရှိရာလမ်းကြောင်းမှ တရားဝင်တင်ပို့နိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အစေ့ထုတ်ပြောင်းများကို နေရာအနှံ့အပြားစိုက်ပျိုးကြပြီး မိုင်း ယန်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့်မိုင်းယောင်းမြို့နယ်တို့တွင် ဧကအများအပြား စိုက်ပျိုး ကြသည်ကိုတွေ့ရပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် အစေ့ထုတ်ပြောင်းများကို မိုးပြောင်းနှင့် ဆောင်းပြောင်းနှစ်သီးစိုက်ပျိုးပြီး နှစ်အလိုက် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ အောက်ဖော်ပြပါ ဇယားအတိုင်းဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်-
စဉ် ခုနှစ် မိုးပြောင်း(ဧက) ဆောင်းပြောင်း(ဧက) ဧကပေါင်း အထွက်(တင်း)
၁ ၂၀၁၉-၂၀၂၀ ၃၁၀၃၀ ၆၅၁၃ ၃၇၅၄၃ ၂၂၃၄၅၇၂
၂ ၂၀၂၀-၂၀၂၁ ၃၁၂၅၂ ၆၄၅၅ ၃၇၇၀၇ ၂၂၄၉၁၀၀
၃ ၂၀၂၁-၂၀၂၂ ၃၁၄၁၀ ၆၄၉၄ ၃၇၉၀၄ ၂၂၈၂၂၂၃
အစေ့ထုတ်ပြောင်းများကိုစိုက်ပျိုးရာတွင် ရှေးဦးစွာမြေကိုပြုပြင်ပြီး မျိုးစေ့ချစိုက်ပျိုးရ သည်။ ပင်ကြားတန်းကြား ၁ပေမှ ၂ပေအကွာကြား စိုက်ပျိုးပြီး (၇)ရက်ခန့်အတွင်း အပင်စုံ၍ ရက် (၂၀)ခန့်တွင်တစ်ကြိမ်၊ (၄၅)ရက်ခန့်တွင်တစ်ကြိမ် ပေါင်းသတ်ဆေးဖြန်းရသည်။ အပင်အား ဆေး (ရွက်ဖြန်းမြေဩဇာ)ကို (၃၀)ရက်သားခန့်တွင် တစ်ကြိမ် (၆၀)ရက်သားခန့်တွင်တစ်ကြိမ် ဖြန်းပေးရသည်။ စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၁၂၀)ခန့်တွင် ရိတ်သိမ်းနိုင်ပါသည်။ ထိုင်းနိုင်ငံမှ တင်သွင်းသော စပ်မျိုးများကိုမှာယူစိုက်ပျိုးပြီး မျိုးစေ့(၁၀)ကီလိုတစ်အိတ်လျှင် ကျပ် ၃၀၀၀၀ဖြင့် ဝယ်ယူစိုက်ပျိုးသည်ဟုသိရပါသည်။ ထိုင်းနိုင်ငံမှတင်သွင်းသော အစေ့ထုတ်ပြောင်းမျိုးစေ့များမှာ အပင်ပေါက်အားကောင်းပြီး ပြောင်းပင်တစ်ပင်လျှင် အဖူးနှစ်ဖူးမှသုံးဖူးထိထွက်ရှိကြောင်း ပြောင်းစိုက်တောင်သူများထံမှ သိရှိရပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် အများဆုံး အသုံးပြုသော အစေ့ထုတ်ပြောင်းမျိုးများမှာ ထိုင်းနိုင်ငံမှ တင်သွင်းသော F888(အနီ)၊ F888 (အပြာ) တံဆိပ်တို့ ဖြစ်ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် မိုးပြောင်းများကို ဧပြီလမှဇွန်လထိ မြေအစိုဓာတ် စတင်ရရှိချိန်တွင် စိုက်ပျိုးကြပြီး ဆောင်းပြောင်းများကို စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း မြေအစိုဓာတ် မကုန်ခင်စတင်စိုက်ပျိုးကြသည်ဟု သိရပါသည်။ အစေ့ထုတ်ပြောင်း တစ်ဧကစိုက် ပျိုးကုန်ကျစရိတ်မှာ ၄၅၀၀၀၀ ကျပ်ခန့်ရှိပြီး အထွက်နှုန်းမှာ တင်း ၆၀ ကျော်ထွက်ကာ အကျိုး အမြတ်အနေဖြင့် ၄၀၀၀၀၀ ကျပ်ခန့်ရရှိကြောင်း၊ ယခင်နှစ်က အစေ့ထုတ်ပြောင်း ၅၀ ကီလိုဝင် တစ်အိတ်လျှင် (၂၄၀၀၀) ကျပ်ရရှိပြီး ယခုနှစ်တွင် ၅၀ ကီလိုဝင် တစ်အိတ်လျှင် (၂၈၀၀၀) ကျပ် ရရှိသည်ဟု မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။ ယခုနှစ်မိုးပြောင်းများကို စိုက်ပျိုးပြီးစီးပြီဖြစ်သော်လည်း လုပ်သားခ၊ မျိုးစေ့ဖိုးနှင့် သွင်းအားစု ဈေးနှုန်းများ မြင့်တက်လာသောကြောင့် အစေ့ထုတ်ပြောင်းပေါ်ချိန်တွင် ဈေးကောင်းရရှိမှ အကျိုးအမြတ်ကျန်မည်ဖြစ်ကြောင်းကိုလည်း ပြောင်းစိုက်တောင်သူများထံမှ သိရပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများမှထွက်ရှိသောပြောင်းများကို တာချီလိတ်မြို့နယ်၊ ဟောင်လိတ်စက်မှုရပ်ကွက်ရှိ ရွှေကောင်းကင်တိရိစာ္ဆန်အစားအစာစက်ရုံမှ ဝယ်ယူသကဲ့သို့ ဒေသတွင်းကြက်၊ ဝက်တစ်ပိုင်တစ်နိုင် မွေးမြူသူများမှာလည်း ဝယ်ယူအသုံးပြုကြသည်။ ကုန်သွယ်မှုအနေနှင့် ရှမ်းပြည်နယ်မှထွက်ရှိသော အစေ့ထုတ်ပြောင်းများကို တာချီလိတ်မြို့၊ နယ်စပ် ကုန်သွယ်ရေးစခန်း(မယ်ယန်း)မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ်(၂)မှ တင်ပို့သကဲ့သို့ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလားမှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့ရောင်းချကြသည်ဟု သိရပါသည်။ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တာချီလိတ် (မယ်ယန်း) ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုမှာ ၃၄၄၀၅၈.၈ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၆.၅၄ သန်းရှိပြီး မိုင်းခတ်-မိုင်းယန်း-မိုင်းလားမှ တစ်ဆင့် တရုတ် နိုင်ငံသို့ ပြောင်းတင်ပို့မှုမှာ ၁၁၉၃၁.၅ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၂.၅၂ သန်းရှိခဲ့သည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မေလထိ တာချီလိတ်(မယ်ယန်း) ကုန်သွယ်ရေး စခန်းမှ ထိုင်းနိုင်ငံသို့ပြောင်းတင်ပို့မှုမှာ ၁၅၅၆၂၀တန်၊ တန်ဖိုး ၃၆.၈သန်းရှိခဲ့သည်ဟု ကုန်သွယ် ရေးဦးစီးဌာနမှ သိရပါသည်။
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသမှ ပြောင်းစိုက်တောင်သူများသည် အစေ့ထုတ် ပြောင်းစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များစွာရရှိနေပြီး နိုင်ငံတော်အတွက်လည်း ပြည်ပပို့ကုန် တိုးတက်ပို့ဆောင်နိုင်ကာ နိုင်ငံခြားဝင်ငွေရရှိနေပါကြောင်းနှင့် မိုးပြောင်းရိတ်သိမ်းချိန်တွင်လည်း ပြောင်းစိုက်တောင်သူများ ပြောင်းဈေးကောင်းရရှိရန် မျှော်လင့်နေပါကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသ၏ အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေ တို့ကို ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ရှမ်းပြည်နယ်)