အာဆီယံဒေတွင်း၌ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရောင်းဝယ်မှုတိုးမြင့်လာသည်နှင်အမျှ စျေးကွက်အပေါ် စားသုံးသူများ၏ယုံကြည်မှုကို ထိန်းသိမ်းရန်ကိစ္စမှာ အာဆီယံဒေသတွင်းစီးပွားရေးအတွက် အထူးအလေးထားရမည့် ကိစ္စ တစ်ရပ်ဖြစ်လာပါသည်။ သို့ဖြစ်၍ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် အာဆီယံ နိုင်ငံများရှိ ဆိုင်/လုပ်ငန်းများမှဝယ်ယူသော ထုတ်ကုန်များနှင့်ပတ်သက်သည့် နယ်စပ်ဖြတ်ကျော် စားသုံးသူ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံဒေသတွင်း အွန်လိုင်းမှ စားသုံးသူ တိုင်ကြားမှု ဖြေရှင်းရေးစနစ်အား ထူထောင်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် တတိယအကြိမ်မြောက် အာဆီယံ စားသုံးသူကာကွယ်ရေးညီလာခံတွင် အဆိုပါစနစ်ကို စားသုံးသူများ၏ယုံကြည့်မှု မြှင့်တင်ပေးရန် အတွက်လည်းကောင်း၊ e-Commerce အပေါ် ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက်လည်း ကောင်း၊ အာဆီယံဒေသတွင်း၌ စားသုံးသူအငြင်းပွားမှုများကို ပွင့်လင်းမြင်သာစွာ၊ လွယ်ကူလျှင် မြန်စွာဖြင့် ဖြေရှင်းပေးနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကြေညာခဲ့ပါသည်။
အဆိုပါစနစ်သည် အာဆီယံ၏ စားသုံးသူကာကွယ်ရေးမဟာဗျူဟာအစီအစဉ် ၂၀၂၅ အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် စတင်ရန်ရည်ရွယ်ထားသည့် အာဆီယံကွန်ယက်အွန်လိုင်း အသုံးပြုစားသုံးသူအငြင်းပွားမှုဖြေရှင်းရေးစနစ်(ASEAN Online Dispute Resolution Network- ASEAN ODR Network)တည်ဆောက်ရေးအတွက် ပထမခြေလှမ်းတစ်ခု ဖြစ်ပါသည်။
တိုင်ကြားမှုများကို အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ (ACCP) ၏ Website (aseanconsumer)တွင်ဆောင်ရွက်နိုင်ပြီး စားသုံးသူတစ်ဦးကဖြစ်စေ၊ အစုအဖွဲ့ဖြင့်ဖြစ်စေ၊ စားသုံး သူအသင်းအဖွဲ့မှ ကိုယ်စားပြု၍ဖြစ်စေ တိုင်ကြားမှုဆောင်ရွက်နိုင်ပါသည်။ တိုင်ကြားသည့် စားသုံးသူများအနေဖြင့် မိမိတို့၏တိုင်ကြားမှုအပေါ် ဖြေရှင်းနေမှုအခြေအနေအား ခြေရာခံကြည့် နိုင်မည်ဖြစ်ပါသည်။ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီမှ သက်ဆိုင်ရာနိုင်ငံအလိုက် တာဝန်ပေးအပ်ထားသော Facal point များမှတဆင့် တိုင်ကြားသူထံသို့ ခြေရာခံကြည့်ရှုနိုင်ရန် Tracking number ပေးပို့မည် ဖြစ်ပါသည်။
တိုင်ကြားစာများနှင့် တိုင်ကြားမှုနှင့်ပတ်သက်သော အထောက်အထားများကို လျှို့ဝှက်ထားရှိ မည်ဖြစ်ကြောင်း၊ တိုင်ကြားမှုကို အလုပ်လုပ်ရက် ၃၀ ရက်အတွင်း အပြီးပြတ်ဖြေရှင်းပေး မည်ဖြစ်ကြောင်းနှင့် အထူးကိစ္စရပ်များအတွက် လိုအပ်ပါက ရက် ၃၀ ထက်ကျော်လွန်၍ သက်တမ်းတိုးဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)