မြန်မာနိုင်ငံရှိလူများ နေစဉ်ထမင်းဟင်းများ ချက်ပြုတ်စားသုံးရာတွင် စားသုံးဆီမှာ မရှိမဖြစ်လိုအပ်သည့် ဟင်းချက်ဆီဖြစ်ပါသည်။ ဟင်းချက်ဆီများထဲတွင် လူကိုကျန်းမာရေးအတွက် အထောက်အကူပြုသည့်ဆီ (Healthy Oil) ဖြစ်သည့်ဆီမှာ နှမ်းဆီဖြစ်ပါသည်။ မြန်မာ နိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ နေကြာနှင့် ပန်းနှမ်းဟူ၍ (၄)မျိုးရှိရာ နှမ်းသီးနှံ ကို မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အာဖရိကတို့တွင် အဓိကထား စိုက်ပျိုးကြပါသည်။
မြန်မာနိုင်ငံတွင် နှမ်းကို နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်းဟူ၍ တစ်နှစ်လျှင် (၃)ကြိမ် စိုက်ပျိုး ပါသည်။ နှမ်းလျင်မှာ မိုးကြိုနှမ်းဖြစ်သဖြင့် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စိုက်ပျိုးနိုင်ပြီး၊ မိုးနှမ်းကို မေလနှင့်ဇွန်လတို့တွင်စိုက်ပျိုး၍ ဆောင်းနှမ်းကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင် နှမ်းသီးနှံသည် ဆီထွက်သီးနှံ စိုက်ပျိုးဧရိယာထဲတွင် အများဆုံးဖြစ်ပြီး ဆီထွက်သီးနှံစိုက်ဧရိယာ၏ ၆၀% စိုက်ပျိုးပါသည်။ နှမ်းသီးနှံသည် စိုက်ပျိုးရာ တွင် ကုန်ကျစရိတ် သက်သာသည့်အတွက် တောင်သူများ အလွယ်တကူစိုက်ပျိုးသည့် သီးနှံဖြစ် ပါသည်။ နှမ်းသီးနှံသည် နေကြာ၊ ပဲတီစိမ်း၊ ဝါကဲ့သို့ ရွက်ပြန့်ပင်ဖြစ်ပြီး အပင်အမြင့် ၄ ပေမှ ၆ ပေထိ မြင့်နိုင်ပြီး အပူပိုင်းဒေသတွင် ၃ ပေမှ ၅ ပေအထိ မြင့်နိုင်ပါသည်။ နှမ်းကို အပူပိုင်းဒေသနှင့် အပူသမပိုင်းဒေသရှိ လွင်ပြင်များနှင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၀၀၀ ခန့်ရှိသော ဒေသများတွင် ကောင်းမွန်စွာ စိုက်ပျိုးနိုင်ပါသည်။ အပူချိန်လျော့နည်းသည့်ဒဏ်ကို ခံနိုင်ရည်မရှိ ဘဲ အပူချိန် ၇၀ ဒီဂရီဖာရင်ဟိုက်မှ ၉၀ ဒီဂရီဖာရင်ဟိုက်ရှိလျှင် စိုက်ပျိုးရန်အကောင်းဆုံးဖြစ် ပါသည်။ မြန်မာနိုင်ငံတွင် နှမ်းမျိုးကွဲပေါင်း (၆၀)ကျော်ရှိရာ မိုးခေါင်ဒဏ် အသင့်အတင့်ခံနိုင်သည့် မျိုးနှင့် ရေကောင်း၊ မြေကောင်းကြိုက်သည့် နှမ်းမျိုးများကို နှမ်းစိုက်တောင်သူများအနေဖြင့် ရွေးချယ်စိုက်ပျိုးသင့်ပါသည်။
နွေနှမ်းများ စိုက်ပျိုးရာတွင် ဆင်းရတနာ-၃၊ စမုံနက်နှမ်း၊ ဆင်းရတနာ-၄နှင့် ဆင်းရတနာ-၁၄ မျိုးများကို ရွေးချယ်ခြင်းဖြင့် ရာသီဥတုဒဏ်၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိသဖြင့် ရွေးချယ် စိုက်ပျိုးသင့်ပါသည်။ မိုးစိုက်နှမ်းအဖြစ် သင့်လျှော်သည့်မျိုးများမှာ ဆင်းရတနာ၊ နှမ်းနီ ၂၅/၁၆၀၊ မယ်တော်လက်သဲ၊ မကွေး၇/၉၊ မကွေး ၂/၂၁မျိုးတို့ကို ရွေးချယ်စိုက်ပျိုးသင့်သလို မိုးနှောင်းတွင် စိုက်ပျိုးရန် သင့်တော်သည့်မျိုးများမှာ ကြယ်မရှောင်နှင့် ဘုတ်မွှေးမျိုးတို့ဖြစ်ပါသည်။ သက်လျင် နှမ်းမျိုးများတွင် အထွက်ကောင်းမျိုးများဖြစ်သည့် နှမ်းနက်ဆင်းရတနာ(၃)သည် အသက်၈၅-၉၀ ရက်၊ နှမ်းစေ့အဖြူ ဆင်းရတနာ (၄) သည် ၈၀-၈၅ရက်၊ ဆင်းရတနာ (၈)သည် ၇၅-၈၀ရက်၊ ဆင်းရတနာ (၁၀) သည် ၇၅-၈၀ ရက်၊ ရေဆင်း (၉)နှမ်းဖြူသည် ၈၀-၈၅ ရက်၊ ဆင်းရတနာ (၅) သည် ၈၀-၈၅ ရက်၊ မကွေးဖြူ ၆၅-၇၀ ရက်၊ မကွေးနီ ၁/၀၄ သည် ၈၅-၉၀ ရက်၊ မကွေးနီ ၂/၀၄ သည် ၈၅-၉၀ ရက်၊ မကွေး ၇/၉ သည် ၈၅-၉၀ ရက်၊ နှမ်းနီ ၂၅-၁၆၀ သည် ၈၅-၉၀ ရက်ရှိသဖြင့် နှမ်းမျိုးများမှာ ၆၅မှ ၉၀ရ က် အတွင်းသာရှိပါသည်။
နှမ်းများစိုက်ပျိုးရာတွင် မြေမျက်နှာပြင်ညီညာစေရန်အတွက် မြေပြုပြင်ဆောင်ရွက်ရ ပါမည်။ စိုက်ပျိုးချိန်တွင် ရေသွင်း၊ ရေထုတ်မြောင်းများ စနစ်တကျပြုပြင်ပေးပြီး တစ်ဧကလျှင် နှမ်းမျိုးစေ့ ၂ ပြည်မှ ၄ပြည်အထိ အသုံးပြုနိုင်ပါသည်။ နှမ်းစိုက်ပျိုးရာတွင် မြေအောင်းပိုးရန်မှ ကာကွယ်ရန်၊ အပင်ပေါက်နှုန်း ကောင်းရန်၊ အပင်ပေါက်များသန်မာရန် ၊ နှမ်းဖိုရောဂါနှင့် နှမ်းရိုး မဲရောဂါများကို ကာကွယ်ရန်အတွက် မျိုးစေ့လူးနယ်ဆေးကို လူးနယ်ပြီးမှစိုက်ပျိုးရန် လိုအပ်ပါ သည်။ မျိုးစေ့ကို ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးခပ်ပါးပါးဖုံးအုပ်ပေးရန် လိုအပ်ပါသည်။ အတန်း လိုက်စိုက်ပျိုးလျှင် ပေါင်းမြတ်ရှင်းရန် လွယ်ကူခြင်း၊ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ ပိုးမွှား ရောဂါကာကွယ်နှိမ်နင်းရန်လွယ်ကူခြင်း၊ အပင်ခွဲရာတွင် လွယ်ကူခြင်းတို့ကြောင့် နှမ်းအထွက် တိုးခြင်းကို အထောက်အကူပြုပါသည်။ နှမ်းမျိုးစေ့ချပြီးလျှင် ပေါင်းသတ်ဆေးပက်ဖျန်းရပါသည်။ နှမ်းအထွက်ကောင်းစေရန် မြေပြင်ချိန်တွင် နွားချေး(သို့) မြေဆွေးလှည်းအစီး ၅ စီးမှ ၁၀ စီးခန့် ထည့်ပေးရပါသည်။ နှမ်းမစိုက်ပျိုးမှီ နောက်ဆုံးထွန်ရေးပြင်ချိန်၌ အထွက်တိုးကွန်ပေါင်း ၁၆:၁၆:၈+၁၂s (၁)အိတ်နှင့် မော်နီကာဂျစ်ပ်ဆပ်(၁)အိတ် ထည့်ပေးရပါမည်။ လိုအပ်ပါက (၁၅) ရက်သားတွင် တစ်ကြိမ်၊ (၃၀-၃၅) ရက်သားတွင်တစ်ကြိမ်၊ မိုးပုလဲမြေဩဇာ(၁)အိတ်ကို တစ်ဝက်စီခွဲ၍ ကျွေးပေးရပါမည်။ နှမ်းပင် (၂၀-၃၅)ရက်သားတွင် တစ်ကြိမ်၊ (၄၀-၄၅) ရက်သား တွင် တစ်ကြိမ်ရွက်ဖျန်းအားဆေးကို ပက်ဖျန်းပေးရပါမည်။ နှမ်းအပွင့်စပွင့်စအချိန်နှင့် အပွင့် တိတ်စအချိန်တွင် ရေလိုအပ်မှုမရှိစေရန် လိုအပ်ပါက ရေတစ်ကြိမ်စီသွင်းပေးရပါမည်။
နှမ်းသီးနှံတွင် အထွက်နှုန်းကို ထိခိုက်စေနိုင်သည့် ပိုးများမှာ ဖြုတ်စိမ်း၊ ဖြုတ်ညိုနှင့် ရွက်လိပ်ပိုးတို့ဖြစ်ပြီး ရောဂါမှာ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမဲရောဂါတို့ဖြစ်တက်ပါသည်။ ပိုးများကို ကာကွယ်ရန်အတွက် အေမီဒါ၊ အက်စ်ဖိတ်၊ ကေလာဆေးများကို အညွှန်းအတိုင်းပက်ဖျန်းပေး ရပါမည်။ ဖြုတ်ညိုပိုးသည် အပင်ကိုအာနည်းစေရုံသာမက နှမ်းဖိုရောဂါကိုပါ ကျရောက်စေသဖြင့် ဖူးပွင့်ချိန်တွင် ဖြုတ်ညိုပိုးကိုမဖြစ်မနေ ကာကွယ်နှိမ်နင်းရန်လိုအပ်ပါသည်။ နှမ်းရိုးမဲရောဂါသည် ရေဝပ်သော နှမ်းခင်းများတွင်ကျရောက်တက်ပါသည်။ နှမ်းရိုးမဲရောဂါအတွက် ကျူပရိုမက်၊ ဒိုင်ဇီတီးရောဂါသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် ထိရောက်စွာကာကွယ်နိုင်ပါသည်။
နှမ်းသီးနှံများရိတ်သိမ်းရာတွင် မြေပွလျှင်လက်ဖြင့်နှုတ်၍လည်းကောင်း၊ မြေမာပါက အပင် ခြေရင်းမှ တံစဉ်ဖြင့်ဖြစ်၍လည်းကောင်း ရိတ်သိမ်းရပါသည်။ နှမ်းအပင်တစ်ပင်တွင်ပါဝင်သော သီးတောင့်အရေအတွက်မှာ နှမ်းမျိုးနှင့် ပေါက်ရောက်သော အခြေအနေပေါ်မူတည်၍ သုံးလေး ရာအထိ ပါဝင်နိုင်ပါသည်။ နှမ်းပင်များရိတ်သိမ်းချိန်တွင် အလေအလွင့်နည်းပါးအောင် အချိန်မီ ရိတ်သိမ်းခြင်း၊ စနစ်တကျပုံခြင်း၊ နှမ်းထောင်ခြင်းများပြုလုပ်ရပါသည်။ နှမ်းကြီးမျိုးကို ရိတ်သိမ်း ပြီးလျှင်ဖြစ်စေ၊ အခြားနှမ်းမျိုးကို နိုင်ငံခြားပို့ကုန်အဖြစ် အရည်အသွေးကောင်းလိုလျှင် တလင်း တွင်မပုံတော့ဘဲတိုက်ရိုက်ထွာဆိုင်ခန့်စည်း၍ ထောင်၍နေလှန်းပြီးခြောက်သွေ့ပါကဒုတ်ဖြင့်ရိုက်၍အစေ့များကိုခါယူနိုင်ပါသည်။
နှမ်းအထွက်နှုန်းအနေဖြင့် မျိုး၊ မြေ၊ စိုက်နည်းစနစ်၊ သွင်းအားစု များနှင့် အပင်ပြုစုနိုင်မှုအပေါ်မူတည်၍ တစ်ဧကလျှင် ၁၀ တင်းမှ တင်း ၂၀ အထိ ထွက်ရှိနိုင် ပါသည်။ နှမ်းတစ်တင်းဆီကြိတ်လျှင်ဆီ (၆) ပိဿာခန့်ထွက်ရှိကြောင်းသိရှိရပါသည်။
နှမ်းတွင် ပါရှိသောအာဟာရများမှာ ကယ်လိုရီ၊ အဆီ၊ Copper ၊ သံဓါတ်၊ မဂ္ဂနိစ်၊ ကယ်စီယမ်၊ ဇင့်၊ Selenium နှင့် ဗီတာမင် B အုပ်စုများပါဝင်ပါသည်။ နှမ်းစေ့မှာ အဆီပျော်ဝင် လွယ်သော Sesamin ပါဝင်နေသည့်အတွက် သွေးအတွင်းကိုလက်စထရောကိုကျဆင်းစေပြီး သွေးပေါင်ချိန်ကို ထိန်းပေးပါသည်။ ကိုယ်အလေးချိန်လျော့ကျစေပြီး၊ အသည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါသည်။ နှမ်းကပြည့်ဝဆီပါဝင်မှုနည်းခြင်းကြောင့် သွေးအတွင်းအကျိုးမပြုသည့် ကိုလက်စထရောကိုကျစေပြီး၊ အကျိုးပြုသည့် ကိုလက်စထရောကိုမြင့်တက်စေပါသည်။ နှမ်းမှာ ပါဝင်သောအမျှင်ဓါတ်မှာ အစာခြေစနစ်ကိုအထောက်အကူပြုသလို အူမကြီးကိုလည်းကျန်းမာစေ နိုင်ပါသည်။ နှမ်းသီးနှံရှိ ဗီတာမင်နှင့် သတ္တုဓါတ်များက ကင်ဆာဖြစ်နိုင်ခြေကိုလျော့ချပေးနိုင်ပြီး Phytate ဆိုတဲ့ဓါတ်ပေါင်းကကင်ဆာဖြစ်နိုင်မည့်ဆဲလ်များကိုကာကွယ်ပေးသလို ဓါတ်တိုးပစ္စည်း တွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုများမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးပါသည်။ နှမ်းဆီစားသုံးခြင်းကြောင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးသလို ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲပြဿာနာများဖြစ်မလာဖို့ ကာကွယ်ပေးပါသည်။ နှမ်းမှာဇင့်၊ ကယ်ဆီယမ်၊ Phosphorus တို့ ပါဝင်နေသဖြင့် အရိုးသိပ်သည်းဆကိုကောင်းမွန်စေပြီး၊ အရိုးကျိုးခြင်း၊ အရိုးအက် ခြင်းများကို မြန်မြန်သက်သာစေပါသည်။ နှမ်းနက်တွင် အစွမ်းထက်သောအာနိသင် (၇)မျိုးရှိ ပါသည် -
(၁) ကိုလက်စထရောကို လျော့ကျစေပါသည်၊
(၂) ကင်ဆာဖြစ်နိုင်ခြေကို နည်းစေပါသည်၊
(၃) အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများသက်သာစေပါသည်၊
(၄) ဆံပင်ကိုနက်မှောင်သန်စွမ်းစေပါသည်၊
(၅) ဗီတာမင် (B) အစုံပါဝင်ပါသည်၊
(၆) ကိုယ်ခံအားကိုထောက်ပံ့ပေးသည်၊
(၇) သွေးဖိအားကိုထိန်းထားပေးနိုင်ပါသည်၊
နှမ်းကို မြန်မာလူမျိုးများက လက်ဖက်သုပ်တွင်ထည့်၍စားသလို မုန့်ပဲသရေစာများပြု လုပ်၍ လည်းစားကြပါသည်။ နှမ်း၏အရသာမှာ ဆိမ့်ပြီးအနည်းငယ်ခါးသက်ပါသည်။ နှမ်းဆီ စစ်စစ်သည် ဆေးဖက်ဝင်သည့်အတွက် အိမ်တိုင်းတွင်ဆောင်ထားသင့်ပြီး အစာချေအားကောင်း သဖြင့် ကလေးငယ်များ အစာမကြေဖြစ်လျှင် ဗိုက်ကိုလိမ်းပေးသဖြင့် ရောဂါများသက်သာစေ နိုင်ပါသည်။ အသားအရေအတွက်လည်း နှမ်းမှာဇင့်ဓါတ်ပါဝင်သဖြင့် ပျက်စီးသွားသောဆဲလ်သေ များကို ဆဲလ်အသစ်များအဖြစ် ပြန်လည်လဲပေးနိုင်စွမ်းရှိပြီး နေလောင်ခြင်းကြောင့် ဖြစ်ပေါ်စေ တက်သည့်အမဲစက်နှင့်တင်းတိတ်များ မဖြစ်အောင် ခပ်ပါးပါးလိမ်းပေးနိုင်ပါသည်။ နှမ်းဆီတွင် ကျန်းမာရေးကို အကျိုးသက်ရောက်မှုရှိစေသည့် Antioxidants နှစ်ခုဖြစ်တဲ့ sesamol နှင့် sesaminol တို့ ပါဝင်ပါသည်။ ၎င်းသည် Antioxidants ကို မြှင့်တင်ပေးခြင်းကြောင့် မူလအရင်း အမြစ်ဆဲလ်ပျက်စီးမှုကို လျော့ကျစေပြီး အဆစ်အမြစ်နာကျင်ရောင်ရမ်းခြင်းကို သက်သာစေ ပါသည်။ နှမ်းဆီတွင် ပြည်ဝ ဆီပါဝင်မှုနည်းပြီး Monounsaturated နဲ့ Polyunsaturated Fatတွေပါဝင်ပါသည်။ နှမ်းဆီသုံးစွဲမှုကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး ကိုလက်စထ ကို ထိန်းညှိပေးသလို နှလုံးသွေးကြောပိတ်ခြင်းကိုလည်း ကာကွယ်ပေးပါသည်။ နှမ်းဆီသည် သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးသဖြင့် ဆီးချိုရောဂါရှိသူများ သုံးစွဲရန်သင့်တော်ပါသည်။ နှမ်းဆီတွင် ကော့ပါး၊ ဇင့်၊ မဂ္ဂနီစီယမ်၊ သံဓါတ်နဲ့ ကယ်ဆီယမ်ဓါတ်တို့ပါရှိပါသည်။ ဇင့်နှင့် ကော့ပါးတို့က သွေးနီဥဆဲလ်များဖြစ်ပေါ်မှုကို အထောက်အကူပြုပြီး သွေးလည်ပတ်မှုနဲ့ ဇီဝဖြစ် စဉ်တို့ကို ကောင်းမွန်စေပြီး အဆစ်အမြစ်ရောင်ရမ်းနာများလည်း သက်သာစေပါသည်။ နှမ်းဆီ တွင် သဘာဝကဖြစ်ပေါ်နေသော SPF ပါဝင်မှုကြောင့် နေရောင်ခံကာကွယ်ဆေးအဖြစ် အသုံးပြု နိုင်ပါသည်။ နှမ်းဆီကို ညအိပ်ရာဝင်ချိန်တွင် ခြေဖဝါးများကို နှိပ်နယ်ပေးခြင်းကြောင့် ကောင်းမွန် စွာ အိပ်ပျော်နိုင်သလို၊ နှမ်းဆီနှင့် ဗီတာမင်အီးကို ရောစပ်၍ လိမ်းပေးလျှင် ဆံပင်များနက်မှောင် သန်စွမ်းရန်အတွက် အထောက်အကူပြုပါသည်။ နှမ်းဆီကို ချက်ပြုတ်ရာတွင် သုံးသည့်အပြင် ဆေးဝါးများအတွက် သုံးစွဲရန်သင့်တော်သော အာဟာရ၊ ကာကွယ်မှုနှင့် ဆေးဖက်ဝင်ဂုဏ်သတ္တိ များ ပါဝင်ပါသည်။ နှမ်းဆီသည် omega-3, omega-6 fatty acids, flavonoid phenolic antioxidants ဗီတာမင်များနှင့် အမျှင်ဓါတ်ဖြစ်သော phytonutrients ကြွယ်ဝပါသည်။
ထို့ကြောင့် စားသုံးသူများအနေဖြင့် နှမ်းသီးနှံနှင့် နှမ်းဆီကို စားသုံးခြင်းကြောင့် ကျန်းမာ ရေးအတွက်လည်းအထောက်အကူပြုသလို ပြည်တွင်းဆီဖူလှုံမှုကိုလည်း အထောက်အကူပြုနိုင် ပါသည်။ နှမ်းစိုက်ပျိုးသူတောင်သူများအနေဖြင့် နှမ်းစိုက်ပျိုးလျှင် စိုက်ပျိုးရလွယ်ကူပြီး ကုန်ကျ စရိတ်လည်း အတော်အသင့် သက်သာသဖြင့် နည်းစနစ်ကောင်းများ၊ မျိုးကောင်းမျိုးသန့်များနှင့် ရေမြေရာသီဥတုလိုက်၍ စိုက်ပျိုးနိုင်မည်ဆိုလျှင် အထွက်နှုန်းလည်းကောင်း၍ အကျိုးအမြတ် များ ပိုမိုရရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။ နှမ်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် နိုင်ငံပို့ကုန်အဖြစ် တင်ပို့နိုင်မည်ဆိုလျှင် နိုင်ငံခြားဝင်ငွေများရရှိမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက် ပါသည်။
DOCA(ပဲခူး)