Skip to main content

ဒုတိယဝန်ကြီး ဦးညွန့်အောင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်ဇူလိုင် ၂၄

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် တာဝန် ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် ၁၆ မိုင် ကျောက်ချောစစ်ဆေး ရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့် မန္တလေးတိုင်း ဒေသကြီးအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ်ဒုတိယဝန်ကြီးက ဝန်ကြီးဌာန၏မူလတာဝန်များအပြင် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဆောင်ရွက်နေမှုများကိုအလေးထား ဆောင်ရွက်ရန်နှင့် စက်သုံးဆီ၊ စားအုန်းဆီကိစ္စများကိုလည်း ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ကြရန် ပြောကြားပြီး ဝန်ထမ်းများ၏ ရှင်းလင်းတင်ပြချက်များကို ပြန်လည်ရှင်းလင်း၍ပေါင်းစပ် ညှိနှိုင်းပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ (မန္တလေးရုံးခွဲ)သို့ သွားရောက်ပြီး OSS တာဝန်ခံများ၏ တင်ပြချက် များအပေါ်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့် စက်သုံးဆီ၊စားသုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချခြင်း ဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးက လက်တွေ့စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊စက်သုံး ဆီဆိုင်များတွင် စက်သုံးဆီ နေ့စဉ် ပုံမှန်ရောင်းချပေးနိုင်မှုအခြား လုပ်ငန်းသုံး၊ စီမံကိန်းလုပ်ငန်း၊ အစိုးရဌာနဆိုင်ရာ သုံးစွဲမှုများအတွက် ပုံမှန်ရောင်းချပေးနေမှု၊ စက်သုံးဆီလက်လီလက်ကား ဈေးနှုန်းများနေ့စဉ်ထုတ်ပြန်၍ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးမှု၊ သတ်မှတ်ရည်ညွန်း ဈေးနှုန်းထက် ပိုမိုရောင်းချနေမှုများအပေါ် ဥပဒေအရအရေးယူဆောင်ရွက်မှုကို ရှင်းလင်းဆွေးနွေးပြီး တရားမဝင်ကုန်သွယ်မှုများ တားဆီးထိန်းချုပ်မှုများနှင့် ပတ်သက်၍ တရားမဝင်မှောင်ခိုသယ်ဆောင် နေမှုများအပေါ် ထိထိရောက်ရောက် တားဆီးအရေးယူနိုင်ရေး၊ စားသုံးဆီများသတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့်ရောင်းချရေး၊ ဈေးကွက်အတွင်းဆေးဝါးများ ပြတ်လက်မှုမရှိစေရေးဈေးအဆမတန် မြှင့်တင်ရောင်းချနေမှုမျိုး မရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

သတင်းစဉ်