နေပြည်တော် ဇူလိုင် ၂၄
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ် တနိုင်းမြို့ရှိ ထေရဝါဒတောင်တန်း သာသနာပြု ဗဟိုမြို့မကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက်ရှိ ပင်မဗုဒ္ဓဝါဒီ စာသင်တိုက်၊ မှော်ဘီမြို့နယ် သန္ဓေပင်ကျေးရွာရှိ သာသနာ့ဟိတကာရီ မြဝတီသတ်သတ်လွတ် တောရကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ရှိ မင်္ဂလာကံ ဆွယ်ကျောင်းတိုက်၊ ရခိုင်ပြည်နယ် အမ်းမြို့ရှိ ဒိုင်ကြီးဘုန်းတော်ကြီးကျောင်း၊ ကျောက်ကြီးတောင် ဘုန်းတော်ကြီးကျောင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ဝါးခုတ်ချောင်း ဘုန်းတော်ကြီးကျောင်းနှင့် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ရှိ ရှောက်တောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်