Skip to main content

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး လှိုင်သာယာမြို့နယ် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဇူလိုင် ၂၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့ နံနက် ၇ နာရီတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် သုမင်္ဂလာလမ်း (၁၉)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ်(၁၅) အခြေခံပညာအလယ်တန်းကျောင်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအင်အားဖြင့် ကျောင်းရှေ့ရေမြောင်းများအတွင်း အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ညောင်တုန်း လမ်းမကြီးဘေး လှိုင်သာယာပန်းခြံအတွင်းမြက်ပင်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှု၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း၊ အလုံ မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဥပဒေချုပ် ဦးဌေးအောင်နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးဘောလုံးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကျောင်းဘောလုံးကွင်း ပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရတနာလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး၌ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်လုပ်ငန်း လျာထားချက်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ထို့နောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်တင်က လုပ်ငန်းများဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြို့နယ်အလိုက် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် တာဝန်ခံအင်ဂျင်နီယာများက စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြရာ မြို့တော်ဝန်ကလိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်