ရန်ကုန် ဇူလိုင် ၂၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ အားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား၍ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ခြောက်ခန်းတွဲ လေးထပ်အိပ်ဆောင်တည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်၌ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အား ကစားသမားများ နံနက်စာစားသုံးနေမှုကို ကြည့်ရှုပြီး ပြေးခုန်ပစ်အားကစားသမားများ၊ မျက်မမြင်ဂိုးဘော အားကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။
ယင်းနောက် GYM အားကစားခန်းမတွင် လေ့ကျင့်နေသော အလေးမအားကစားသမားများနှင့် ထိုင်လျက် ဘော်လီဘောအားကစားလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး နည်းပြ၊ အားကစားသမားများနှင့်တွေ့ဆုံ၍ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အစွမ်းကုန်ကြိုးစားကြရန်နှင့် ဆုတံဆိပ်များရရှိပါက နိုင်ငံတော်မှ ဂုဏ်ပြုဆုကြေးငွေများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးမည် ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်စေရန်အတွက် စနစ်တကျနေထိုင်၊ စားသောက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ဒဂုံမြို့သစ်(မြောက်ပိုင်း) ရေကူးကန်အရှေ့တွင် တည်ဆောက်မည့်ပေ(၁၂၀ x ၄၀) အမိုးပါ အထူးတန်း နှစ်ထပ်ပွဲကြည့်စင် တည်ဆောက်ရန်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တောင်ဥက္ကလာပရှိ ပဒေသာအားကစားကွင်း၌ ပြေးခုန်ပစ် Systhetic ပြေးလမ်း ဖောက်လုပ်ပြီးစီးမှုကို လည်းကောင်း၊ ပေ (၁၅၀ x ၆၀) ရှိ ဘောလုံးကွင်း အထူးတန်းပွဲကြည့်စင် တည်ဆောက်မည့် မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ရုံးဟောင်းတွင်ကျင်းပသည့် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
ယင်းနောက် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းငွေ တစ်လလျှင် ဆန် ၁၀ အိတ် ခြောက်သိန်း နှုန်းဖြင့် ကိုးလစာအတွက် ငွေ ကျပ် ၅၄ သိန်းကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများနှင့် နေ့လယ်စာ အတူစားသုံးကြောင်း သိရသည်။
သတင်းစဉ်