Skip to main content

အားကစားဖြင့် မြန်မာ့ဂုဏ်မြှင့်တင်

မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများက မြန်မာ့ဂုဏ်ကို မြှင့်တင်ပေးခဲ့ရာ နိုင်ငံတော်အစိုးရက အားကစားသမားများအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။ မျက်မှောက်ကာလတွင် မြန်မာ့အားကစားကဏ္ဍ ပြန်လည် မြင့်မားတိုးတက်လာသည်ကို နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်မှုများက သက်သေပြလျက်ရှိသည်။

လက်ရှိကာလတွင် ပြည်တွင်း/ပြည်ပ အားကစားပြိုင်ပွဲ အမျိုးမျိုးတို့ကို တစ်မျိုးပြီးတစ်မျိုး အဆက်မပြတ် ယှဉ်ပြိုင်နေကြသည်ကို မြင်တွေ့နေရသည်မှာ အနာဂတ် မြန်မာ့အားကစား လောကအတွက် အလားအလာ ကောင်းများဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အားကစားပြိုင်ပွဲများ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများသာမက အာရှအားကစား ပြိုင်ပွဲများအထိပင် ပါဝင်ယှဉ်ပြိုင် တက်လှမ်းနေကြပြီဖြစ်သည်။ မြန်မာ့အားကစားကဏ္ဍကို အဆက်မပြတ် မြှင့်တင်ပေးပြီး မျိုးဆက်သစ် အားကစားသမားများကို မွေးထုတ်ပေးကာ အစွမ်းကုန်ယှဉ်ပြိုင်ကြပြီး နိုင်ငံ့ဂုဏ်မြင့်မားလာအောင် မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ယခုတစ်ဖန် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အာဆီယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲများကို အာဆီယံနိုင်ငံများက နှစ်နှစ်လျှင်တစ်ကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပေးလျက်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သော (၁၉) ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၇ မျိုးပါဝင်ပြီး အားကစားပြိုင်ပွဲ အားကစားနည်းတိုင်းတွင် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူ အားကစားသမား ၃၅၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ရာ ရွှေတံဆိပ် ၂၄ ခု၊ ငွေတံဆိပ် ၂၆ ခုနှင့် ကြေးတံဆိပ် ၂၉ ခု ဆွတ်ခူးရရှိကာ နိုင်ငံအလိုက် ရပ်တည်မှုအဆင့်(၄)ဖြင့် အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။

“ယနေ့ကမ္ဘာတွင် အားကစားသည် ထိရောက်ကောင်းမွန်သော သံတမန် လမ်းကြောင်းတစ်ခု ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားမှုကို ပီပြင်စွာ ဖော်ထုတ်ပြသနိုင်ပြီး နိုင်ငံတကာ ချစ်ကြည်ရေးကို အားပေးမြှင့်တင်ပေးသော နည်းလမ်းကောင်း တစ်ရပ်ဖြစ်ကြောင်း၊ အာဆီယံတက္ကသိုလ်များ အားကစား ပြိုင်ပွဲများမှတစ်ဆင့် အာဆီယံလူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးပြီး စည်းလုံး ညီညွတ်မှုများ ရရှိလာမည်ဖြစ်သကဲ့သို့ အားကစားစွမ်းရည်များကို ထုတ်ဖော်ပြသ ခွင့်ရရှိလာကာ ထူးချွန် အားကစားသမားများလည်း ပေါ်ထွန်းလာစေမည် ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အောင်နိုင်ရေးအလံအပ်နှင်းပွဲတွင် ပြောကြားခဲ့သည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပခြင်း၏ရည်ရွယ်ချက်ကို ကြည့်မည်ဆိုလျှင် အာဆီယံနိုင်ငံများအချင်းချင်း စည်းလုံးညီညွတ်မှုကို အားပေး မြှင့်တင်ရန်၊ ချစ်ကြည်ရေး စိတ်ဓာတ်ရှင်သန်စေရန်၊ နိုင်ငံအချင်းချင်းအကြား အပြန်အလှန်နားလည်မှုရှိရန်နှင့် အာဆီယံစိတ်ဓာတ်ရှိကြရန် အဆက်မပြတ် ကြိုးပမ်းအားထုတ်သည့် အနေဖြင့် ကျင်းပနေခြင်းဖြစ်ရာ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုခြင်းဖြစ်၍ ရည်ရွယ်ချက် ကောင်းမွန်ပေသည်။ ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားပေးမှုများ၊ စိတ်ဝမ်းကွဲအောင် ပြုလုပ်နေမှုများရှိနေချိန်တွင် အားကစားဖြင့် အာဆီယံနိုင်ငံအချင်းချင်း စည်းလုံး ညီညွတ်မှုကို ဆောင်ကြဉ်းပေးသည်ဖြစ်ရာ အားကစားကဏ္ဍကို ဝိုင်းဝန်းအားပေး မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာ့အားကစားသမိုင်းတွင် တက္ကသိုလ်အားကစားသမားများသည် နိုင်ငံ၏ ဂုဏ်ကို ထိရောက်စွာ မြှင့်တင်ပေးခဲ့သည့် အစဉ်အလာကောင်း များစွာရှိသည်။ စစ်ကြိုခေတ်မှသည် လွတ်လပ်ရေးရပြီး နောက်ပိုင်း ကျွန်းဆွယ် အားကစားပြိုင်ပွဲများ၌ အားကစားကဏ္ဍ အသီးသီးတွင် အောင်မြင်မှုများ ရရှိခဲ့သည်။ အထူးသဖြင့် တက္ကသိုလ်ဘောလုံးအသင်းသည် မြန်မာ့ဘောလုံးလောကတွင် အောင်မြင်မှု မှတ်တိုင် အလီလီစိုက်ထူနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်၊ အတုယူဖွယ် မြင်တွေ့ကြရ မည်ဖြစ်သည်။ ၁၉၆၆ ခုနှစ် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့ဘောလုံးအသင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ရာ တက္ကသိုလ်လက်ရွေးစင် အားကစားသမားများ၏ စွမ်းဆောင်မှုများမှာ သမိုင်းမှတ် တိုင်တင်ခဲ့သည်။ အလားတူ တက္ကသိုလ်အားကစား သမားများ၏ အောင်မြင်မှုများမှာ ရွှေရောင်တစ်ခေတ် ဆန်းသစ်ခဲ့သည်။

 

သို့ဖြစ်ရာ အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများသည် တက္ကသိုလ်အားကစားလောက အောင်မြင်မှုအမွေကို ဆက်လက် ထိန်းသိမ်းမြှင့်တင်ပြီး နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၏ဂုဏ် မြင့်မားတိုးတက် စေရေးအတွက် ဆောင်ကြဉ်းပေးနိုင် လိမ့်မည်ဟု ယုံကြည်ပါကြောင်း။