နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများက အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်သည်။ နိုင်ငံ့ဝန်ထမ်းများ အရည်အချင်း ပြည့်ဝကျွမ်းကျင်မှ၊ လုံ့လဝီရိယနှင့် တာဝန်ကျေပွန်မှ၊ စိတ်ဓာတ်နှင့် စည်းကမ်းတို့ ကောင်းမွန်ကာ ကျင့်ဝတ်ကို စောင့်ထိန်းပါမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် ကောင်းစွာ မြှင့်တင်နိုင် မည်ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းသည် မည်သည့်အစိုးရတက်၍၊ မည်သို့သောမူဝါဒတို့ ချမှတ်စေကာမူ စည်းကမ်းများကို လိုက်နာ၊ ကျင့်ဝတ်များကို စောင့်ထိန်း၍ မိမိတို့၏ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရမြဲသာ ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ တည်ဆဲဥပဒေကို လေးစားလိုက်နာခြင်း၊ ပြည်သူ့အကျိုးစီးပွားကို အလေးထား ဆောင်ရွက်ခြင်း၊ တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ၊ ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်း၊ လုပ်ငန်းကျွမ်းကျင်မှု အဆင့် မြင့်မားစေရန်နှင့် အရည်အချင်း၊ စွမ်းဆောင်ရည် တိုးတက်နေစေရန် အစဉ်ကြိုးစားခြင်း၊ အထက်က ပေးအပ်သည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းနှင့် ပြည်သူ့ဘဏ္ဍာငွေ ယိုဖိတ်ဆုံးရှုံးမှု မရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ စည်းမျဉ်းစည်းကမ်း အမိန့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊ အကျင့်စာရိတ္တ ပျက်ပြားမှုနှင့် သိက္ခာကင်းမဲ့စွာ ပြုမူမှုတို့ ရှောင်ကြဉ်ခြင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာ လာဘ်ပေး လာဘ်ယူမှုကို ရှောင်ကြဉ်ခြင်း၊ မရိုးသားသောနည်းဖြင့် အခြားဝင်ငွေရှာမှုကို ရှောင်ကြဉ်ခြင်း၊ ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဌာနဆိုင်ရာ ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ မသုံးစွဲခြင်း၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေမည့် စာအုပ်စာတမ်း ရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်းတို့ မပြုလုပ်ခြင်း၊ နိုင်ငံတော်၏ လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတစ်ခုခုတွင်ပါဝင်ခြင်း သို့မဟုတ် လှုံ့ဆော်ခြင်း သို့မဟုတ် အားပေးကူညီခြင်းမှ ရှောင်ကြဉ်ခြင်း ဟူသော ဝန်ထမ်းကျင့်ဝတ်များကို စောင့်ထိန်းကြရမည်ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် စိတ်ကောင်း စေတနာကောင်းဖြင့် ရိုးသားကြိုးစား တာဝန်ထမ်းဆောင်ကြရမည့်သူများ ဖြစ်သည့်အလျောက် ထူးချွန်ကောင်းမွန်သည့် ဝန်ထမ်းများမှာ ထိုက်တန်သည့် ချီးမြှင့်မှုများ ရရှိကြသလို အကျင့်ပျက်ဝန်ထမ်း၊ ဝန်ထမ်း ဆိုးများမှာမူ အပြစ်ပေးမှု၊ အရေးယူမှုများကို ရင်ဆိုင်ကြုံတွေ့ကြရမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများသည် အကျင့်စာရိတ္တကောင်းမွန်သူ၊ ကျင့်ဝတ် စောင့်ထိန်းသူများအဖြစ် မိမိတို့ကိုယ်ကို ဖြည့်ဆည်းကြိုးပမ်း ကြရမည်ဖြစ်သည်။
ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ ရိုးသားကြိုးစားစွာ နိုင်ငံ့တာဝန် ထမ်းဆောင်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက အစိုးရဝန်ထမ်းများအား ခေတ်နှင့်အညီ ချီးမြှင့်ငွေ ထောက်ပံ့ငွေများ ထောက်ပံ့ ပေးလျက်ရှိရာ လာမည့်ဩဂုတ်လမှ စတင်၍ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များ အိမ်ငှားစရိတ် ခံစားရရှိ ကြတော့မည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့မှု ၂၆ ခု ပြုလုပ် ခဲ့ပြီးဖြစ်ရာ နိုင်ငံ့ဝန်ထမ်းတိုင်းက နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားအတွက် ဆတက်ထမ်းပိုး စွမ်းဆောင်ကြိုးပမ်း သွားကြရေး တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း။