ရန်ကုန် ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များသို့ တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုး ၁၀၀ ကျော် စုပေါင်းနေထိုင်ကြသည့်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရာတွင် အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်လေးစားမှုများရှိရန် လိုအပ်ကြောင်း၊ ယနေ့ခွဲဝေပေးမည့် တိုင်းရင်းသားဘာသာ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် ထုတ်ဝေထားသည့် ပုံပြ ပုံပြင်စာအုပ်များသည် ကျောင်းနေအရွယ် တိုင်းရင်းသားကလေးငယ်များအကြား ပျံ့နှံ့ရောက်ရှိခြင်းဖြင့် အပြန်အလှန် ယုံကြည်မှု၊ ချစ်ကြည်လေးစားမှုများကို ကျောင်းနေအရွယ် ကလေးဘဝကတည်းက အုတ်မြစ်ချပေးနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ကလေးငယ်များအနေဖြင့် ယခုခွဲဝေပေးမည့် ပုံပြ ပုံပြင်စာအုပ်များကို ဖတ်ရှုခြင်းဖြင့် မိမိတို့၏ စာပေ၊ ဘာသာကို ပိုမိုမြတ်နိုး တန်ဖိုးထားတတ်လာပြီး သင်ယူလိုသူ များပြားလာကာ မူလတန်းစာပေသင်ကြားရာတွင်လည်း များစွာအထောက်အကူ ဖြစ်မည်ဖြစ်ကြောင်း၊ ယနေ့ပေးအပ်ပွဲတွင် တိုင်းရင်းသားလူမျိုး ၁၁ မျိုးအတွက် ပုံပြ ပုံပြင်စာအုပ် ၁၀၁ မျိုးကို အုပ်ရေစုစုပေါင်း ၆၆၇၂၆ အုပ်ခန့် ခွဲဝေပေးအပ်သွားမည်ဖြစ်ပြီး တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအသင်းများအနေဖြင့်လည်း တိုင်းရင်းသား ကလေးငယ်များထံ ဆက်လက်ခွဲဝေ ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားဘာသာသင် TA/LT ဆရာ ဆရာမများ ခန့်ထားရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာ ကိစ္စရပ်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းများတွင် တိုင်းရင်းသားများ တက်ရောက်နိုင်ရေး ကိစ္စရပ်များနှင့် တိုင်းရင်းသားအရေး ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့သည် ခေါင်စို(ချင်း)၊ ဥ(ပ်)ပူး(ချင်း)၊ မွန်၊ ရခိုင်၊ မြို၊ ဇိုတုန် (ချင်း) စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် ဟွာလ်ငို(ချင်း)၊ တအာင်း(ပလောင်)၊ ကရင်၊ ရှမ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များထံ ပုံပြ ပုံပြင်စာအုပ်များ ခွဲဝေပေးအပ်သည်။
ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနမှ ပုံနှိပ်ထုတ်ဝေထားသည့် ပုံပြပုံပြင်စာအုပ်များကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တစ်ကြိမ်၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် တစ်ကြိမ်နှင့် ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ်အတွင်း ပုံပြ ပုံပြင်စာအုပ် ၁၉၆၈၃၉ အုပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်