Skip to main content

22nd SOMTC နှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် ဇူလိုင် ၂၁

အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း (APSC)မဏ္ဍိုင်၏ (၂၂)ကြိမ်မြောက် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (22nd ASEAN Senior Officials Meeting on Transnational Crime – 22nd SOMTC) ကို ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ကျင်းပ

အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်သော ကနေဒါ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဥရောပသမဂ္ဂ (EU) တို့နှင့် ပြုလုပ်သည့် ဆက်စပ်အစည်းအဝေးများကို ယမန်နေ့ နံနက် ၉ နာရီတွင် လည်းကောင်း၊ အမေရိကန်၊ နယူးဇီလန်၊ ဩစတြေးလျနိုင်ငံတို့နှင့် ပြုလုပ်သည့် ဆက်စပ်အစည်းအဝေးများကို ယနေ့ နံနက် ၉ နာရီတွင် လည်းကောင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပသည်။

အဆိုပါအစည်းအဝေးများသို့ SOMTC (မြန်မာ) ခေါင်းဆောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်အောင်အောင် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့က နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အစည်းအဝေးခန်းမမှ အွန်လိုင်းဖြင့် တက်ရောက်ခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံများမှ အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်အဆင့် ကိုယ်စားလှယ်အဖွဲ့များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။

ဆက်စပ်အစည်းအဝေးများတွင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနယ်ပယ်မှ အကြမ်းဖက်မှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု၊ ငွေကြေး ခဝါချမှု၊ ဆိုက်ဘာမှုခင်း၊ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု၊ သဘာဝတောရိုင်းတိရစ္ဆာန်မှုခင်းများ တားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များနှင့် ဆိုင်းငံ့ထားသော လုပ်ငန်းစဉ်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

SOMTC + China အစည်းအဝေးကို ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင်ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) ရဲဗိုလ်ချုပ်အောင်အောင်နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. HU Binchen (မစ္စတာ ဟူပင်ချန်း) တို့က ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အစည်းအဝေးတွင် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာများနှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာ (၂၀၁၇-၂၀၂၃) အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) တို့အပေါ် လက်ရှိအခြေအနေနှင့် ကိုက်ညီမည့် လုပ်ငန်းစဉ်များ ထည့်သွင်းအကောင်အထည်ဖော်ရေး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေး

ယင်းအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က ဒေသတွင်း တရားခံပြေးများသည် နယ်စပ်ထိန်းချုပ်မှု အားနည်းချက်ကို အခွင့်ကောင်းယူပြီး အိမ်နီးချင်းနှစ်နိုင်ငံနှင့် ဆက်စပ်နယ်မြေသို့ နယ်စပ်ဖြတ်ကျော် ခိုးဝင်/ ခိုးထွက် ခိုအောင်းမှုများစွာ ရှိနေပါကြောင်း၊ အဆိုပါတရားခံပြေးများသည် အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု ကျူးလွန်သူများနှင့် ပူးပေါင်း၍ ရာဇဝတ်မှုခင်းများ ကျူးလွန်လာသည်ကို တွေ့ရှိရပါကြောင်း၊ မည်သည့်နိုင်ငံသား တရားခံပြေးဖြစ်စေ တရားဥပဒေစိုးမိုးရေးမူဘောင်က ရှုမြင်ပြီး ဖော်ထုတ်ဖမ်းဆီးခြင်း၊ လွှဲပြောင်းအရေးယူခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားခံပြေးများနှင့် ပတ်သက်၍ သတင်းအချက်အလက်ဖလှယ်မှုကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်း၊ ဒေသဆိုင်ရာ တရားခံပြေး Database ထူထောင်ခြင်းတို့ကို ဆက်လက်တိုးမြှင့် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ SOMTC + U.S အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်က အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လူကုန်ကူးမှု အစီရင်ခံစာ (၂၀၂၂)တွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ထည့်သွင်းဖော်ပြနိုင်ရန် အချက်အလက်များ တောင်းခံခဲ့သော အဖွဲ့အစည်းများ၌ တရားမဝင် အဖွဲ့အစည်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် အဖွဲ့အစည်းပါဝင်နေသဖြင့် ​မှန်ကန်သော၊ လျော်ကန်သင့်မြတ်မှုမရှိသော အချက်အလက် စုဆောင်းရေး နည်းလမ်းမဟုတ်ပါကြောင်း၊ ယင်းအဖွဲ့အစည်းသည် တရားဝင်အဖွဲ့အစည်း မဟုတ်ပါကြောင်း ဆွေးနွေးသည်။

အစည်းအဝေး သုံးရက်တာ ကျင်းပခဲ့သည့် 22nd SOMTC နှင့် ဆက်စပ်အစည်းအဝေးများတွင် သက်တမ်းပြည့်မြောက်ခြင်း မရှိသေးသော လုပ်ငန်းစီမံချက်များကို ဆက်လက်ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ဆက်လက်ရေးဆွဲ ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်အသစ်များတွင်လည်း ပြောင်းလဲဖြစ်ပေါ်နေသော မှုခင်းပုံစံများနှင့်အညီ လုပ်ငန်းစဉ်များ အကြံပြုထည့်သွင်းသွားကြရန် အတည်ပြုခဲ့ကြပြီး မြန်မာနိုင်ငံမှလည်း အာဆီယံမူဘောင်အောက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြု ဆွေးနွေးသည်။

သတင်းစဉ်