Skip to main content

ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၁

ဝိုင်းမော်မြို့၊ ကော့ကရိတ်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ တာချီလိတ်မြို့နယ်နှင့် ဟိုပန်မြို့တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗထူးလမ်းနေ မလှိုင်(ခ)အေးလှိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၆၆ ကီလိုကို လည်းကောင်း၊ ဇူလိုင် ၂၀ ရက် ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီးကျေးရွာအုပ်စု၊ တံတားကျိုးကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကောင်းမြင့် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ကို လည်းကောင်း။

ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု လယ်ကြီးကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မခင်ဝင်းမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုကို လည်းကောင်း၊ ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ တာပီးကျေးရွာရှိ အားချူ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၀၅ ကီလိုကိုလည်းကောင်း၊ ဇူလိုင် ၂၀ ရက် နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့၊ မန်ကောင်းရပ်ကွက်၊ နဝဒေးလမ်းနေ အိုက်ဆမ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၄၃၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်