Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၁

ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများအရ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရကခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ လျှောက်ထားလာပါက သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ စိစစ်ထောက်ခံချက်များနှင့်အညီ ပြည်ထောင်စုနယ်မြေ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ စိစစ်ထောက်ခံ တင်ပြပေးလျက်ရှိကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများတွင် ဧက ၃၀၀ အောက်နှင့် ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ဧက ၅၀ အောက် လျှောက်ထားလာပါက ပြည်ထောင်စုနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအနေဖြင့် စိစစ်၍ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျ စီမံခန့်ခွဲပြီး အမှန်တကယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အသုံးချနိုင်ရေးနှင့် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသည့်နေရာများကို ပြန်လည်သိမ်းဆည်းနိုင်ရေး ကော်မတီအနေဖြင့် စိစစ်၍ ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသည့်ကိစ္စများနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ရန် အချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်