Skip to main content

(၁၈)ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၁

(၁၈)ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင် မြန်မာနိုင်ငံမှ အလှည့်ကျ အိမ်ရှင်အဖြစ် ကျင်းပရာ မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင်က မူးယစ်ဆေးဝါး ပြဿနာသည် နိုင်ငံတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ လူလုပ်ဆေးဝါးသစ်များ လွယ်ကူစွာ ဝယ်ယူရရှိမှုများသည် ပြဿနာကို ပိုမိုဆိုးရွားလာကြောင်း၊ မူးယစ်ဆေးဝါးများကို ဆက်သွယ်ရေးလုပ်ငန်းများ၊ ပုဂ္ဂလိက အမြန်ချောပို့လုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို အသုံးပြု၍ ပို့ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေကြောင်းနှင့် အဓိကပင်လယ်ရေကြောင်း လမ်းများမှတစ်ဆင့် သယ်ဆောင်ရောင်းဝယ်မှုများ ပြုလုပ်နေကြသည်ကို ဖမ်းဆီးရမိမှု ဖြစ်စဉ်များအရ တွေ့ရှိကြောင်း။

နည်းပညာတိုးတက်လာမှုကြောင့် အွန်လိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှုများမှတစ်ဆင့် ငွေပေးချေမှုများ အသုံးပြုလာပြီး အွန်လိုင်းမူးယစ်ဆေးဝါး ဈေးကွက်သည်လည်း ကျယ်ပြန့်စွာနေရာယူ ထိုးဖောက်ဝင်ရောက်လာသည်ကို တွေ့ရှိရကြောင်း၊ မူးယစ်ကုန်ကူးသူတို့က ကမ္ဘာ့စီးပွားရေးကြပ်တည်းမှု အခြေအနေများကြောင့် အလုပ်လက်မဲ့ဦးရေ များပြားလာမှုအပေါ် အခွင့်ကောင်းယူပြီး အလွယ်တကူ ဝင်ငွေရလွယ်သော မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုအတွက် သယ်ဆောင်ခပေး၍ အသုံးချလာကြောင်း၊ မူးယစ်ဆေးဝါးပျံ့နှံ့နေမှု အကျိုးဆက်အနေဖြင့် အချို့နိုင်ငံများတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများ မြင့်တက်လာနေတာကိုလည်း တွေ့ရှိရကြောင်း၊ UNODC ၏ ၂၀၂၁ ခုနှစ်အတွင်း အရှေ့နှင့် အရှေ့တောင်အာရှဒေသရှိ လူလုပ်ဆေးဝါးနှင့် ပတ်သက်သည့် အစီရင်ခံစာအရ မက်သ်အဖက်တမင်းနှင့် မက်သ်အဖက်တမင်း(ပုံဆောင်ခဲ) ဖမ်းဆီးရမိမှု တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည်နှင့်အညီ ထုတ်လုပ်မှုနှင့် သုံးစွဲသူဦးရေလည်း တိုးမြင့်လာကြောင်း၊ လူလုပ်ဆေးဝါးများ ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုများသည်လည်း လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်ကျယ်ပြန့်လျက် ရှိသည်ကို တွေ့ရကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်သတ်မှတ်ကာ ဘက်ပေါင်းစုံမှ တားဆီးတိုက်ဖျက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မဲခေါင်ဒေသတွင်း နိုင်ငံများနှင့်လည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် အောင်မြင်မှုရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။

ပရီကာဆာထိန်းချုပ်ရေးနှင့် ပတ်သက်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဥပဒေ၊ နည်းဥပဒေများ ကွဲပြားခြားနားမှု၊ အိမ်နီးချင်းနိုင်ငံများနှင့် ရှည်လျားသော နယ်နိမိတ်ထိစပ်နေမှုအပေါ် အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အဓိကလိုအပ်သည့် ပရီကာဆာ ဓာတုပစ္စည်းများသည် နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင် နည်းလမ်းမျိုးစုံနှင့် ဝင်ရောက်လျက်ရှိခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ အထူးစစ်ဆင်ရေးများကိုလည်း ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် မိမိတို့နှစ်နိုင်ငံ နီးကပ်စွာပူးပေါင်းပြီး တူညီသော ရည်မှန်းချက်များနှင့် ဆောင်ရွက်မှုတို့ကြောင့် အောင်မြင်မှုများစွာ ရရှိမည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။

အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်(NNCC) အထွေထွေ အတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို(NCB) ညွှန်ကြားရေးမှူးချုပ် Mr. Liang Yun ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြပြီး နှစ်နိုင်ငံကိုယ်စားလှယ်များက လက်ရှိမူးယစ်ဆေးဝါး အခြေအနေများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ နိုင်ငံသားများ ပါဝင်ပတ်သက်သည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများကို အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်နိုင်ရေး ကိစ္စရပ်များ၊ တားဆီးနှိမ်နင်းရေး လုပ်ငန်းများနှင့် မှုခင်းများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် ကိစ္စရပ်များ၊ (၁၉)ကြိမ်မြောက် အစည်းအဝေးကို တရုတ်နိုင်ငံ(NNCC)မှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်